စံချိန်တင်ဘဏ္ဍာငွေပမာဏအား မလေးရှားလွှတ်တော် အတည်ပြု

စံချိန်တင်ဘဏ္ဍာငွေပမာဏအား မလေးရှားလွှတ်တော် အတည်ပြု

ကွာလာလမ်ပူ နိုဝင်ဘာ ၂၇ - ၂၀၂၁ ခုနှစ်အတွက် ပြည်သူ့ဘဏ္ဍာငွေလျာထားမှုအား မလေးရှားလွှတ်တော်က စံချိန်တင်ပမာဏဖြင့် နိုဝင်ဘာ ၂၆ ရက်၌ အတည်ပြုပေးခဲ့ကြောင်း သိရသည်။ 

ဘဏ္ဍာငွေလျာထားခြင်းနှင့်စပ်လျဉ်းပြီး မဲပေးဆုံးဖြတ်ရာတွင် လွှတ်တော်အမတ်များက ထောက်ခံခြင်းရှိမရှိကို စကားသံဖြင့် မဲပေးသည့်စနစ်အားအသုံးပြု၍ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပြီး ကန့်ကွက်သူလုံး၀မရှိခဲ့ကြောင်း သိရသည်။

ဘဏ္ဍာငွေလျာထားပေးလိုက်ပြီဖြစ်ခြင်းကြောင့် ဝန်ကြီးဌာနများအလိုက် ဘဏ္ဍာငွေခွဲဝေသုံးစွဲရန်အတွက် ဆွေးနွေးညှိနှိုင်းမှုကို လာမည့်သီတင်းပတ်မှစတင်ပြီး ဒီဇင်ဘာ ၁၅ ရက်အထိ ဆောင်ရွက်မည်ဖြစ်သည်။ ယင်းကဲ့သို့ ဆွေးနွေးဆောင်ရွက်မှုတွင် ဝန်ကြီးဌာနတစ်ခုချင်းစီအလိုက် အသုံးစရိတ်များကို အသေးစိတ်စိစစ်ခွင့်ရမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်အတွက် မလေးရှားလွှတ်တော်က အတည်ပြုပေးလိုက်သော ဘဏ္ဍာငွေမှာ မလေးရှားရင်းဂစ် ၃၂၂ ဒသမ ၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၇၉ ဘီလီယံ) ရှိကြောင်းသိရပြီး မလေးရှားလွှတ်တော်သက်တမ်းတစ်လျှောက် အမြင့်မားဆုံးပမာဏဖြစ်ခဲ့ကြောင်း သိရသည်။ ဘဏ္ဍာငွေလျာထားဆောင်ရွက်မှုမပြုမီတွင် တိုင်းပြည်၏အကျိုးစီးပွားအတွက် ရန်ပုံငွေများတိုးမြှင့်လျာထားရန် လွှတ်တော်အမတ်များအား မလေးရှားဘုရင်မင်းမြတ်က တိုက်တွန်းခဲ့ကြောင်း သိရသည်။

COVID-19 ကပ်ရောဂါကြောင့် ထိခိုက်နစ်နာခဲ့ရသော တိုင်းပြည်၏စီးပွားရေးကို ပြန်လည်ခေါင်းထောင်လာစေရန်အတွက် ဘဏ္ဍာငွေအား ပိုမိုသုံးစွဲခြင်းဖြစ်ကြောင်းသိရသည်။