မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိရတနာပုံတက္ကသိုလ်အတွင်းသွားလာမှုအဆင်ပြေလွယ်ကူစေရန် ရည်ရွယ်ကာတပ်ဆင်တော့မည့် လမ်းညွှန်ဆိုင်းဘုတ်များတွင် တရားဝင်လမ်းနာမည်များထည့်သွင်းသတ်မှတ်နိုင်ရန်အတွက်ကျောင်းသား ကျောင်းသူများထံမှအကြံဉာဏ်ရယူသွားမည်ဖြစ်ကြောင်းရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ရတကသ)မှ သိရသည်။
တက္ကသိုလ်အတွင်းရှိ လမ်းများကိုပိတောက်လမ်းမှလွဲ၍ ကျန်လမ်းများအား တရားဝင်နာမည် သတ်မှတ်ပေးရခြင်းမရှိသေးသောကြောင့် နိုဝင်ဘာ ၂၅ ရက် နေ့လယ်ပိုင်း၌ ပြုလုပ်ခဲ့သောတက္ကသိုလ်၏ ပြင်ဆင်ထိန်းသိမ်း ရေးကော်မတီအစည်းအဝေးအရ လမ်းနာမည်များပေးရာတွင် ကျောင်းသားကျောင်းသူများထံမှ အကြံဉာဏ်ရယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ရာ ကျောင်းနှင့်လိုက်ဖက်မည့် လမ်းနာမည်များကိုပေးပို့လိုပါက ဆက်သွယ်အကြံပြုနိုင်ကြောင်းသိရသည်။
''လက်ရှိ ရှိနေတဲ့ ပိတောက်လမ်းနာမည်ကိုတော့ မူလအတိုင်းပဲ အပြောင်းအလဲမရှိ ဆက်လက်သတ်မှတ်ထားမှာပါ။ လမ်းတွေမှာစိုက်ထူမယ့် လမ်းညွှန်ဆိုင်းဘုတ်တွေအတွက်တော့ ပြင်ဆင်မှုလုပ်ငန်းတွေ လုပ်ဆောင်ပြီးဖြစ်တာကြောင့် ကျောင်းသားကျောင်းသူတွေဆီကနေ အကြံပြုလာတဲ့လမ်းနာမည်တွေကို မှတ်တမ်းတင်ထားပြီးနောက်မှာ ပြင်ဆင်ထိန်းသိမ်းရေးကော်မတီအစည်းအဝေးကို ဆက်လက်တင်ပြပြီးတော့ အတည်ပြုပြီးတာနဲ့ စိုက်ထူပေးသွားမှာဖြစ်ပါတယ်။ အစတုန်းကတော့လမ်းနာမည်တွေကို ၁ဝ လမ်းတို့ ၁၅ လမ်းတို့လို နံပါတ်တွေနဲ့ပေးဖို့ လုပ်ထားပေမယ့်လည်း တက္ကသိုလ်ရဲ့အနှစ်သာရကို ပိုပြီးတာ့မှ ပေါ်လွင်အောင်လို့လိုက်ဖက်ညီမယ့်နာမည်တွေပဲ ပေးကြဖို့ဆုံးဖြတ်လိုက်ကြတာပါ''ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ရတကသ)မှ အမှုဆောင်ကော်မတီတာဝန်ခံ ကိုထက်မြက်အောင်က ပြောကြားသည်။
သို့ဖြစ်၍ ရတနာပုံတက္ကသိုလ်နှင့်လိုက်ဖက်မည့် လမ်းနာမည်များပေးနိုင်ရေးအတွက်ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းသားသမဂ္ဂဖုန်းနံပါတ်ဖြစ်သော ဝ၉၇၇ဝ၃၈၃၉၄ဝ၊ ဝ၉၂၅၉၂၁၇၅၂၁ သို့ဆက်သွယ်ကာအကြံဉာဏ်များ ပေးပို့နိုင်ကြောင်းသိရသည်။
















