ရွေးကောက်ပွဲဆိုင်ရာ ကိုယ်စားလှယ်မဲ၌ ဘိုင်ဒင်အနိုင်ရပါက အိမ်ဖြူတော်မှ ထွက်သွားမည်ဟု ထရမ့် ကတိပြု

ရွေးကောက်ပွဲဆိုင်ရာ ကိုယ်စားလှယ်မဲ၌ ဘိုင်ဒင်အနိုင်ရပါက အိမ်ဖြူတော်မှ ထွက်သွားမည်ဟု ထရမ့် ကတိပြု

ဝါရှင်တန် နိုဝင်ဘာ ၂၇ - အမေရိကန်ပြည်ထောင်စုတွင် သမ္မတနှင့် ဒုတိယသမ္မတကို ရွေးချယ်ရသည့် ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာကိုယ်စားလှယ်မဲ (Electoral College Vote) အရေအတွက်တွင် ဂျိုးဘိုင်ဒင် အနိုင်ရပါက အိမ်ဖြူတော်မှ ထွက်သွားမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၂၆ ရက်နေ့ ၌ ပြောကြားခဲ့သည်။ 

ထင်ရှားသည့် သက်သေအထောက်အထားမရှိသော်လည်း နိုဝင်ဘာ ၃ ရက်၌ ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် မဲမသမာမှုများစွာရှိကြောင်း ထရမ့်က အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ ထို့အပြင် လက်ရှိအခြေအနေတွင်လည်း အရှုံးကိုလက်ခံရန်အတွက် ခက်ခဲနေလိမ့်ဦးမည်ဖြစ်ကြောင်း ထရမ့်က ဆိုသည်။

သို့သော် သမ္မတနှင့် ဒုတိယသမ္မတတို့ကို လာမည့် ဒီဇင်ဘာ ၁၄ ရက်တွင် တရားဝင်မဲပေးရွေးချယ်ဆုံးဖြတ်မည့် ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာ ကိုယ်စားလှယ်မဲအရေအတွက်တွင် ရှုံးနိမ့်ခဲ့ပါက ရာထူးမှ သေချာပေါက် ဖယ်ရှားပေးမည်ဖြစ်ကြောင်း ထရမ့်က ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်နှင့် ပတ်သက်ပြီး ပြောဆိုသော မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ဘိုင်ဒင်၏ ဒီမိုကရက်တစ်ပါတီသည် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာကိုယ်စားလှယ်မဲ ၃၀၆ မဲ အနိုင်ရထားသည်။ ထရမ့်၏ ရီပတ်ဗလီကန်မှာမူ ၂၃၂ မဲသာ အနိုင်ရထားသည်။ လက်ရှိ ကွန်ဂရက်တွင် ကိုယ်စားလှယ်နေရာ ၅၃၈ နေရာရှိနေခြင်းကြောင့် သမ္မတအားဆုံးဖြတ်ရွေးချယ်ရန် အနည်းဆုံး ၂၇၀ မဲ ရရှိရန် လိုအပ်နေသည်။

ထို့ကြောင့် တရားဝင် ဆုံးဖြတ်မဲပေးရွေးချယ်မည့်နေ့တွင် ရှုံးနိမ့်ခဲ့ပါက အိမ်ဖြူတော်ကို စွန့်ခွာမည်ဖြစ်ကြောင်း ထရမ့်က ပြောသည်။ သို့သော် ယခုလက်ရှိနှင့် ဇန်နဝါရီ ၂၀ ရက်အကြား ကာလအတွင်း၌ အဖြစ်အပျက်ပေါင်းများစွာ ရှိလာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

‘‘သေချာပေါက်ထွက်သွားမှာ။ သေချာပေါက်ထွက်သွားမှာ။ ခင်ဗျားတို့လည်း သိနေတာပဲလေ။ ဒါပေမဲ့ အခုလက်ရှိအချိန်နဲ့ ဇန်နဝါရီ ၂၀ ရက်ဆိုတဲ့ ကြားကာလမှာ အပြောင်းအလဲတွေ အများကြီးဖြစ်လာလိမ့်ဦးမယ်လို့ ကျွန်တော်ထင်တယ်။ အများကြီးနော်။ မဲမသမာမှုတွေ အများကြီးတွေ့ထားတယ်။ ကျွန်တော်တို့က ကမ္ဘာ့တတိယအဆင့်နိုင်ငံ (Third world country) တစ်ခုလိုဖြစ်နေတယ်’’ ဟု ထရမ့်က ပြောကြားခဲ့သည်။

ကမ္ဘာ့တတိယအဆင့်နိုင်ငံဆိုသည်မှာ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ ဆင်းရဲနွမ်းပါးမှုမြင့်မားခြင်း၊ သယံဇာတအရင်းအမြစ်မရှိခြင်းနှင့် ငွေကြေးဈေးနှုန်း မတည်ငြိမ်ခြင်းနှင့် နိုင်ငံရေးလမ်းစဉ်များ ကမောက်ကမဖြစ်နေ သော နိုင်ငံကိုဆိုလိုခြင်းဖြစ်သည်။