နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဖက်ပါတီများ သတင်းစာရှင်းလင်းပွဲ၌ အမျိုးသားနိုင်ငံရေး မဟာမိတ်ပါတီ ဉက္ကဋ္ဌ ဉီးသိန်းကြည်က မဲရုံးမှူးဆရာ၊ဆရာမများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တုန့်ပြန်မှုကို “လူပေါ်ပြာကျတော့ ခွေးပေါ် ခါချတယ်”ဆိုသော ဥပမာဖြင့် ခိုင်းနှိုင်းပြောဆိုခဲ့ခြင်းအပေါ် ကန့်ကွက်ကြောင်း ဆရာ၊ ဆရာမများက ပြောသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ၂၆ရက်တွင် ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြည်ခိုင်ဖြိုးပါတီအပါအဝင် ငါးပါတီ ပူးပေါင်း ပြုလုပ်ခဲ့ပြီး အမျိုးသားနိုင်ငံ ရေးမဟာမိတ်ပါတီ ဉက္ကဋ္ဌ ဉီးသိန်းကြည်က “ဉီးလှသိန်း UEC က ဝန်ခံတယ်။ ဘယ်လို ဝန်ခံလဲဆိုတော့ သူတို့ကတော့ မျှမျှတတလုပ်တာပဲတဲ့။ အောက်ခြေကိစ္စရပ်တွေကို မသိဘူးတဲ့။ မဲရုံမှူးတွေနဲ့ဆရာမ တွေကို ထိုးချပြီ ။လူပေါ်ပြာကျတော့ ခွေးပေါ်ခါချပြီ”ဟု ထည့်သွင်း ပြောဆိုခဲ့သည်။
တောင်တွင်းကြီးမြို့ ပညာရေးဝန်ထမ်းများ လူမှုကူညီရေးအဖွဲ့ကလည်း ဉီးသိန်းကြည်၏ အဆိုပါ ပြောဆိုချက်အပေါ် အချက် ၄ ချက်ဖြင့် ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။ ဆရာ၊ဆရာမများအပေါ် ရိုင်းစိုင်းစွာ ခွေးနှင့် ခိုင်းနှိုင်းခဲ့သော စကား အသုံးအနှုန်းများဖြင့် ပုတ်ခတ်စော်ကားသော အမျိုးသားနိုင်ငံရေးမဟာမိတ်ပါတီ ဉက္ကဋ္ဌ ဉီးသိန်းကြည်အား ကန့်ကွက်ပါကြောင်း ဖော်ပြထားသည်။
မဲရုံတာဝကျ ဆရာ၊ဆရာမများအနေဖြင့်၂ဝ၂ဝပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် သမာသမတ်ကျစွာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်ကို ပြည်သူလူထုတစ်ရပ်လုံးက အသိပင်ဖြစ်ပြီး အချို့မှာကပ် ရောဂါကြောင့် အသက်ပင် ပေးဆပ်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဉီးသိန်းကြည်၏ ပြောဆိုမှုမှာ မည်သည့်ရည်ရွယ်ချက်ဖြင့် ပြောဆိုသည်ကို မသိရသော်လည်း ဆရာ၊ဆရာများအား ခွေးနှင့်နှိုင်းခြင်းကြောင့် စိတ်မကောင်းကြောင်းနှင့် မြန်မာစာတွင် လှပြီး နားဝင်ချိုမည့် စကားပုံများလည်းရှိသဖြင့် မည်သည့်ကြောင့် ယခုအသုံးအနှုန်းကို အံ့ဩကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်(MTF)မှ ဉီးအေးမင်းထိုက်က ပြောသည်။
“နိုင်ငံရေး ပါတီခေါင်းဆောင်လုပ်တဲ့သူက ဒီလောက်ထိပြောစရာ လိုသလားပေါ့။ မြန်မာစကားမှာ အခြားပြောစရာတွေ အများကြီးပါ။ ဒီလောက်ထိ သုံးစရာမလိုပါဘူး။ အစည်းအဝေမလုပ်ရသေးတော့ အဖွဲ့အနေနဲ့ ဘယ်လိုတုန့်ပြန်မလဲ မသိသေးဘူး” ဟု ဦးအေးမင်းထိုက်က ပြေသည်။
ဉီးသိန်းကြည်၏ပြောဆိုမှုသည် မည်သည်ရည်ရွက်ချက်ဖြင့် ပြောဆိုမှန်းမသိ၍ တုန့်ပြန်စရာမလိုကြောင်း၊ ပြောဆိုသူတွင် ရည်ရွယ်ချက်တစ်ခုခုရှိပါက ထိုရည်ရွက်ချက်အတွင်းသို့ ရောက်ရှိသွားနိုင်ကြောင်း ဦးအေးမင်းထိုက် ကပြောသည်။
“ကျွန်တော့်အမြင်ရဆိုရင် သူတို့ပြောတာတွေကို လိုက်ပြီးတုန့်ပြန်နေဖို့ မလိုဘူးထင်တယ်။ သူတို့က ဒါကို ရည်ရွယ်ချက်ရှိရှိပြောတယ်ဆိုရင် အဲလိုစဉ်းစားချက်ကြောင့် ဆွေးနွေးပြီးမှ တုန့်ပြန်မှာပါ”ဟု ဉီးအေးမင်းထိုက်က ပြောသည်။
၂ဝ၁၉ ခုနှစ် မဒဲငယ်သစ်ချိုခြံ လူထုတွေ့ဆုံပွဲ၌ ပဲခူးတိုင်းဝန်ကြီးချုပ် ဉီးဝင်းသိန်းက “ဝန်ထမ်းအိမ်ရာ မရှိတာ ကောင်းတယ်။ ဆရာ၊ဆရာမတွေ ရပ်ထဲရွာထဲနေတော့ ဒီက ရွာသူရွာသားတွေနဲ့ အိမ်ထောင်ကျ။ အဲဒါမှ ပြန်ပြောင်းမသွားမှာ၊ ပြန်ပြောင်းသွားရင် ဝန်ထမ်း လိုအပ်ချက်ရှိပြီ။ လူငယ်လေးတွေကကလည်း ဆရာမတွေကို ရည်းစားစကား လိုက်ပြောကြ။ ဒါမှ ရွာမှာမြဲမှာ”ဟု ထည့်သွင်းပြောဆိုခဲ့မိသဖြင့် ဆရာ၊ဆရာများအား ပြန်လည်တောင်းပန်ခဲ့ရသော သာဓကများ ရှိခဲ့သည်။







