ဘာလင် နိုဝင်ဘာ ၂၇ - ဂျာမနီတွင် ကူးသန်းသွားလာမှုဆိုင်ရာ ပိတ်ပင်ချက်များ ကဏ္ဍအလိုက်ချမှတ်မှုကို ဒီဇင်ဘာအထိ သက်တမ်းတိုးဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဂျလာမာကယ်က နိုဝင်ဘာ ၂၆ ရက် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
‘‘လာမယ့်လအနည်းငယ်မှာ ကျွန်မတို့ အခက်အခဲတွေ ထပ်ပြီးကြုံရဦးမယ်ဆိုတာ လုံးဝသံသယမရှိပါဘူး။ ဒီကာလကြီးကို ဖြတ်ကျော်နိုင်ဖို့အတွက် ကျွန်မတို့ တစ်ယောက်ချင်းစီတိုင်းဟာ ကူညီဆောင်ရွက်နိုင်စွမ်းရှိကြသူတွေ ဖြစ်ပါတယ်’’ ဟု မာကယ်က ပြောကြားသွားခဲ့သည်။
COVID-19 ကူးစက်သူသစ် မြင့်တက်လာနေခြင်းကြောင့် ဂျာမနီအစိုးရသည် နိုဝင်ဘာ ၂၅ ရက်၌ ကူးသန်းသွားလာမှုဆိုင်ရာ ပိတ်ပင်ချက်များကို ကဏ္ဍအလိုက်ချမှတ်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းဆုံးဖြတ်ချက်အရ စားသောက်ဆိုင်များ၊ ဘားများ၊ ရုပ်ရှင်ရုံများနှင့် ကိုယ်ကာယကြံ့ခိုင်ရေးအားကစားခန်းမများသည် ဒီဇင်ဘာ ၂၀ ရက်အထိ ပိတ်ထားရမည်ဖြစ်သည်။
ထို့အပြင် မိသားစုတစ်ခုနှင့်တစ်ခုအကြား တွေ့ဆုံခွင့်တွင် လူငါးဦးထက် ပိုမိုစုဝေးခွင့်မပြုကြောင်း အစိုးရ၏ထုတ်ပြန်ချက်အရ သိရသည်။ ခရစ္စမတ်ရက်မြတ်ကာလတွင်မူ မိတ်ဆွေအပေါင်းအသင်းများနှင့် ဆွေမျိုးများ ပြန်လည်ဆုံတွေ့နိုင်ရန်အတွက် လူ ၁၀ ဦးခန့် စုဝေးခွင့်ရနိုင်ရန် မျှော်လင့်နေကြသည်။ ထို့အပြင် မလိုအပ်ဘဲ ခရီးသွားခြင်းများနှင့် လူသားချင်းထိတွေ့ဆက်ဆံမှုများကို မပြုလုပ်ကြရန် ဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။
နှင်းလျှောစီးရာသီသို့ တဖြည်းဖြည်းရောက်ရှိလာပြီဖြစ်ခြင်းကြောင့် နှင်းလျှောစီးအပန်းဖြေစခန်းများမှာ ဗိုင်းရပ်စ်ကူးစက်နိုင်သည့် ဗဟိုချက်မနေရာများဖြစ်လာနိုင်ကြောင်း မာကယ်က သတိပေးသွားခဲ့သည်။

















