အော့တဝါ နိုဝင်ဘာ ၂၇ - အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့ကဲ့သို့ပင် ကနေဒါနိုင်ငံသည်လည်း Pfizer မှထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား ဒီဇင်ဘာလထဲ၌ အရေးပေါ်အသုံးပြုခွင့် အတည်ပြုချက် ရရှိနိုင်ဖွယ်ရှိကြောင်း ကနေဒါဆေးဝါးကြီးကြပ်ရေးအဖွဲ့၏ အရာရှိတစ်ဦးက နိုဝင်ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။
အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နှင့် မိတ်ဖက်ဂျာမနီကုမ္ပဏီ Bio NTech တို့မှထုတ်လုပ်သော ကာကွယ်ဆေးအား ကနေဒါကျန်းမာရေးဌာနက ယုံကြည်လက်ခံထားပြီး အမေရိကန်တွင်စတင်၍ အရေးပေါ်အသုံးပြုခွင့်ရသည်နှင့် မရှေးမနှောင်းတွင်ပင် ကနေဒါ၌လည်း ရရှိနိုင်ဖွယ်ရှိကြောင်း ကနေဒါကျန်းမာရေးဌာနထိပ်တန်း ကျန်းမာရေးအကြံပေး ဆူပရီယာရှာမာက ပြေကြားခဲ့သည်။
‘‘အသုံးပြုခွင့်အတွက် အတည်ပြုချက်ရဖို့ ခန့်မှန်းခြေကာလကတော့ ဒီဇင်ဘာလလောက်မှာဖြစ်မယ်လို့ ကျွန်မထင်တယ်။ သင်္ဘောနဲ့ပို့ပေးမှာက ဇန်နဝါရီလောက်မှာပေါ့။ အမြန်ဆုံးကတော့ ဇန်နဝါရီလောက်မှာ ရလိမ့် မယ်လို့ ကျွန်မမျှော်လင့်ထားတယ်’’ ဟု ဆူပရီယာရှာမာက ပြောကြားခဲ့သည်။
Pfizer မှထုတ်လုပ်သော COVID-19 နှင့်ပတ်သက်သည့် အချက်အလက်အသေးစိတ်ကို အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ ရရှိသည့်အတိုင်း ကနေဒါကလည်း ရရှိထားပြီဖြစ်ခြင်းကြောင့် လက်ရှိ၌ လေ့လာစိစစ်မှုများ ပြုလုပ်နေပြီး အတည်ပြုချက်မှာလည်း တစ်ချိန်တည်းတွင်ပင် ရရှိလာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

















