ဘရာဆီးလျား နိုဝင်ဘာ ၂၇ - COVID-19 ကာကွယ်ဆေး ရရှိလာပါကလည်း ၎င်းအနေဖြင့် ကာကွယ်ဆေးထိုးနှံခံမည်မဟုတ်ကြောင်း ဘရာဇီးသမ္မတ ဂျိုင်ယာဘိုလ်ဆိုနာရိုက နိုဝင်ဘာ ၂၆ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
ဘရာဇီးသည် ကမ္ဘာပေါ်တွင် COVID-19 ကပ်ရောဂါဒဏ်ကို ဒုတိယအဆိုးရွားဆုံး ခံနေရသည့် နိုင်ငံဖြစ်သော်လည်း ဘိုလ်ဆိုနာရိုကမူ နိုင်ငံ၏ အကျပ်အတည်းနှင့်ပတ်သက်ပြီး အလေးပေးပြောဆိုခြင်းမရှိပေ။ ၎င်းကိုယ်တိုင်ပင်လျှင် လွန်ခဲ့သည့် ဇူလိုင်လ၌ COVID-19 ရောဂါ ကူးစက်ခံခဲ့ရသည်။
‘‘ကျွန်တော်ပြောပါမယ်။ ကျွန်တော် ကာကွယ်ဆေးအထိုးခံမှာ မဟုတ်ဘူး။ ဒါက ကျွန်တော့်ရဲ့ အခွင့်အရေးပါ’’ ဟု ဘိုလ်ဆိုနာရိုက ပြောကြားခဲ့သည်။ နှာခေါင်းစည်း (Mask) များတပ်ဆင်မှုသည် ဗိုင်းရပ်စ်ကူးစက်မှုအား ကာကွယ်ရန်အတွက် ထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ပြောဆိုချက်အပေါ်တွင်လည်း ၎င်းက ယုံကြည်ခြင်းမရှိပေ။
ကမ္ဘာပေါ်တွင် ကာကွယ်ဆေးပေါများစွာရရှိလာပါက နိုင်ငံသားတိုင်း COVID-19 ကာကွယ်ဆေးထိုးရန် မလိုအပ်တော့ကြောင်း ဘိုလ်ဆိုနာရိုက ပြောကြားခဲ့ပြီး ကာကွယ်ဆေးမှာ ၎င်း၏ အိမ်မွေးခွေးလေးအတွက်သာ လိုအပ်လိမ့်မည်ဖြစ်ကြောင်း အောက်တိုဘာလ၌လည်း ပြောကြားခဲ့သူဖြစ်သည်။
နိုဝင်ဘာ ၂၆ ရက်နေ့၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဘိုလ်ဆိုနာရိုက ဘရာဇီးလွှတ်တော်အနေဖြင့်လည်း နိုင်ငံသားများအား ကာကွယ်ဆေးထိုးရန်အတွက် အဆိုတင်သွင်းဖွယ် မရှိကြောင်းလည်း ပြောကြားသွားခဲ့သည်။

















