နိုဝင်ဘာ ၂၆ ရက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)အပါအဝင် ငါးပါတီ ပူးပေါင်း ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ အမျိုးသားနိုင်ငံရေး မဟာမိတ်ပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းကြည် သုံးနှုန်းပြောဆိုခဲ့သော စကားရပ်သည် မဲရုံတာဝန်ယူခဲ့သည့် ဆရာ/ဆရာမများ အပေါ် စော်ကားရာရောက်သည်ဆိုကာ တက္ကသိုလ်ဆရာ/ဆရာမများအစည်းအရုံး(ရတနာပုံတက္ကသိုလ်-မန္တလေး)က ကန့်ကွက်ရှုတ်ချကြောင်း အလုပ်အမှုဆောင်ဖြစ်သူ ဦးကိုကိုနိုင်က နိုဝင်ဘာ ၂၇ ရက်တွင် ပြောသည်။
နိုဝင်ဘာ ၂၆ ရက်နေ့က အမှတ်(၁၃၂) B သံလွင်လမ်း၊ဗဟန်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီ၏ အစည်းအဝေး ခန်းမ၌ နိုင်ငံရေးပါတီအချို့က ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲပြု လုပ်ခဲ့ရာ၌ “လူပေါ်ပြာကျလို့-ခွေးပေါ်ခါချတယ်”ဟု သုံးနှုန်းပြောဆိုခဲ့ခြင်းအား ကန့်ကွက် ရှုတ်ချကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့ ရက်စွဲဖြင့် တက္ကသိုလ်ဆရာ/ဆရာမများအစည်းအရုံး(ရတနာပုံတက္ကသိုလ်-မန္တလေး)က ထုတ်ပြန်ခဲ့သည်။
“ဆရာ/ဆရာမထုအပေါ်မှာ စော်ကားလို့ ထုတ်တာပါ။ သူပြောချင်တာက UEC ဆိုပေမယ့် လူပေါ်ပြာကျလို့ ခွေးပေါ် ခါချတယ်ဆိုတော့ ဆရာ/ဆရာမတွေကို ခွေးလို့ပြောသလိုဖြစ်နေတယ်။သုံးနှုန်းစရာ အခြားစကားပုံတွေ ရှိပါတယ်။ နိုင်ငံရေးပါတီတွေက သူတို့ မဲနိုင်ခြင်းမနိုင်ခြင်းအပေါ်မှာ ရှင်းလင်းပွဲလုပ်ရာမှာ မဲရုံတာဝန်ထမ်းဆောင်တဲ့ ဆရာဆရာမ တွေကို စော်ကားတဲ့အတွက် ကန့်ကွက်ရှုတ်ချတာပါ”ဟု ၎င်းက ပြောသည်။
အမျိုးသားနိုင်ငံရေး မဟာမိတ်ပါတီ၏ ဥက္ကဋ္ဌ ဦးသိန်းကြည်က “UEC ဝန်ခံတယ်။ဘယ်လိုဝန်ခံလဲဆိုတော့ သူတို့ မျှမျှတတလုပ်တယ်၊အောက်ခြေက လုပ်တဲ့ကိစ္စတွေ မသိ ဘူးတဲ့၊ မဲရုံမှူးတွေနဲ့ ဆရာမတွေကို ထိုးချတယ်၊ လူပေါ်ပြာကျလို့-ခွေးပေါ်ခါချတယ်”ဟု ပြောကြားသွားခြင်းသည် မလျော်ကန်သော အသုံးအနှုန်းများသုံးကာ ပုတ်ခတ်စော်ကားထားခြင်းဖြစ်သဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း ကန့်ကွက်ရှုတ်ချကြောင်း အဆိုပါ ကြေညာချက်တွင် ပါရှိသည်။
“ပညာရေးဌာနက ရွေးကောက်ပွဲတိုင်းမှာ နိုင်ငံတာဝန် တစ်ခုအနေနဲ့ သဘောထားသလို ကိုဗစ်ကာလကြီးမှာ တာဝန်ကျေအောင် လုပ်ကြတယ်။ ကြံ့ခိုင်ရေးပါတီ သတင်း စာရှင်းလင်းပွဲ ရန်ကုန်မှာလုပ်စဉ်ကလည်း ဆရာ/ ဆရာမတွေက NLD ပါတီကို ထောက်ခံတဲ့သူတွေဖြစ်ပြီး ကြား နေမဖြစ်ဘူးလို့ ဥပဒေမဲ့ပြောဆိုခဲ့လို့ ကန့်ကွက် ရှုတ်ချခဲ့တယ်”ဟု ဆက်လက်ပြောကြား သည်။ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်း သတင်းစာရှင်းလင်းပွဲ၌ ဆရာ/ဆရာမများအပေါ် ပြောဆိုမှုများမှာ ကွန်ပျူတာစာစီမှု မှားယွင်းခဲ့ခြင်းဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီက နိုဝင်ဘာ ၁၁ ရက် ညပိုင်း၌ ကြေညာချက်ထုတ်ပြန်ကာ ဆရာ/ဆရာမများအား တောင်းပန်ခဲ့သည်။







