ပေကျင်း နိုဝင်ဘာ ၂၇ - လွန်ခဲ့သော ၃ လခန့်က ဟောင်ကောင်မှ ထိုင်ဝမ်သို့ စက်လှေဖြင့်ထွက်ပြေးရန် ကြိုးစားခဲ့ကြသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူ ၁၂ ဦးကို စွဲချက်တင်မည်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက နိုဝင်ဘာ ၂၇ ရက်၌ ပြောကြားခဲ့သည်။
ဟောင်ကောင် ဒီမိုကရေစီအရေးလှုပ်ရှားမှုနှင့် ပတ်သက်မှုရှိသော အဆိုပါ လူ ၁၂ ယောက်သည် ဟောင်ကောင်မှ ထိုင်ဝမ်သို့ စက်လှေဖြင့်ထွက်ပြေးစဉ် ပင်လယ်ထဲ၌ တရုတ်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူများဖြစ်သည်။
ထို့ကြောင့် ၎င်းတို့အား တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် စွဲချက်တင်မည်ဖြစ်ပြီး အမြင့်ဆုံးအဖြစ် ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်ကြောင်း တရုတ်ပြည်မကြီးရှိ တရားစီရင်ရေးအာဏာပိုင်များက ပြောကြားသည်။ ‘‘နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ဖို့ကြိုးစားတဲ့လူ ၁၂ ယောက်ကို စုံစမ်းစစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်တာ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်’’ ရှန်ကျန်းမြို့တော် တောင်ပိုင်းခရိုင်အရာရှိများက ပြောကြားခဲ့သည်။
အဆိုပါ ဖမ်းမိတရားခံ ၁၂ ဦးထဲတွင် အမျိုးသမီးတစ်ဦးပါဝင်ပြီး အသက်အငယ်ဆုံးအဖြစ် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် လွန်ခဲ့သော သြဂုတ်လ ၂၃ ရက်၌ ထိုင် ဝမ်သို့ထွက်ပြေးစဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဟောင်ကောင်တွင် နေထိုင်ကြသည့် နိုင်ငံသားများအပေါ် တရုတ်ပြည်မကြီးရှိ အာဏာပိုင်များက တရားစီရင်မည်ဖြစ်ခြင်းကြောင့် ယင်းအမှုကိစ္စသည် စိတ်ဝင်စားစရာကောင်းသော မှုခင်းတစ်ခု ဖြစ်လာခဲ့သည်။

















