ဆိုးလ် နိုဝင်ဘာ ၂၇ - တောင်ကိုရီးယားနိုင်ငံတွင် ရောဂါလက္ခဏာမပြဘဲ COVID-19 ကူးစက်ခံရသူသစ် မြင့်မားလာခြင်းကြောင့် ကူးစက်မှုအား ထိန်းချုပ်ရန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
တောင်ကိုရီးယားသည် လွန်ခဲ့သည့်တစ်ကြိမ် ကူးစက်မှုကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီးနောက် လက်ရှိတွင်မူ စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရသည်။ နိုဝင်ဘာ ၂၆ ရက်၌ COVID-19 ကူးစက်သူသစ် ၅၆၉ ဦးရှိခဲ့ပြီး လွန်ခဲ့သော ကိုးလအတွင်း၌ တစ်ကြိမ်မျှမမြင်ဖူးသော အရေအတွက်ဖြစ်ခဲ့သည်။ ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို တင်းကျပ်စွာ ချမှတ်ဆောင်ရွက်ရန်ရှိသော်လည်း တတိယလှိုင်းမှာ ပိုမိုဆိုးရွားလာဖွယ်ရှိနေကြောင်း ပညာရှင်များက ခန့်မှန်းနေကြသည်။
ကူးစက်သူသစ်များထဲတွင် အဓိကအများဆုံးမှာ လူငယ်များဖြစ်ကြပြီး ကူးစက်မှုစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာမပြဘဲ ရှိနေခဲ့ကြကြောင်း တောင်ကိုရီးယား ကျန်းမာရေးအရာရှိများက ပြောကြားသည်။ လွန်ခဲ့သည့် ဇွန်လတွင် ရောဂါလက္ခဏာမပြဘဲ ကူးစက်သူရာခိုင်နှုန်း ၂၀ မှ ၃၀ ကြားရှိခဲ့ရာမှ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။
သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်များနှင့် နှိုင်းယှဉ်ဖော်ပြချက်များအရ COVID-19 ကူးစက်သူသစ် ငါးယောက်တွင် တစ်ယောက်မှာ လက္ခဏာမပြတော့ကြောင်း သိရသည်။ ဂျပန်နိုင်ငံတွင်မူ လက္ခဏာမပြဘဲ ကူးစက်သူရာခိုင်နှုန်းမှာ ၁၉ ရာခိုင်နှုန်းခန့်ရှိကြောင်း ရိုက်တာသတင်းဌာန၏ စာရင်းအင်းများအရ သိရသည်။
ရောဂါလက္ခဏာမပြသူများတွင် ဗိုင်းရပ်စ်တွေ့ရှိရခြင်းအကြောင်းအား ရှင်းလင်းစွာမသိရသေးသော်လည်း ၎င်းတို့မှာ ရောဂါလက္ခဏာကို ကြိတ်မှိတ်ခံစားပြီး ဟန်ဆောင်နေခြင်းမျိုးဖြစ်နိုင်ကြောင်း ကျန်းမာရေးအရာရှိအချို့က သုံးသပ်ခဲ့ကြသည်။

















