မန္တလေးတိုင်း ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်၊ ပေါက်အင်းကျေးရွာ မဲရုံအမှတ်၂ မှ မဲရုံးမှူး မူလတန်း ကျောင်းအုပ်ဆရာမ ဒေါ်ခင်မာရီကို ပြည်ခိုင်ဖြိုးပါတီမဲရုံကိုယ်စားလှယ်က ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၁(က)ဖြင့် တိုက်နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဒေါ်ခင်မာရီက ပြောသည်။
သက်ကြီးရွယ်အိုနှင့် မသန်စွမ်းကြိုတင်မဲ ကောက်ယူရာတွင် ရပ်ကျေးကော်မရှင်များအဖွဲ့ခွဲများ ကျေးရွာအတွင်း ကြိုတင်မဲ မကောက်ယူမီ မဲရုံမှူးက ဆန္ဒမဲကောက်ခံသောအဖွဲ့၏ ရှေ့က ကြိုသွားပြီး မဲဆွယ်စည်းရုံးသည်ဆိုသော စွပ်စွဲချက်ဖြင့် အမှုဖွင့်ထားကြောင်း ဒေါ်ခင်မာရီကပြောသည်။
“ရွာထဲ ကြိုတင်မဲကောက်တဲ့အချိန်မှာ ကျွန်မက ရွာထဲကိုကြိုသွားပြီးတော့ ကျွန်မက မဲဆွယ်ပါတယ်ဆိုပြီး တိုင်တာပါ။ကျွန်မတို့နေတဲ့ ကျောင်းဝိုင်းနားက အိမ်မှာ ကြိုတင်မဲကောက်လို့ ကျွန်မက ထွက်ကြည့်တယ် ။”ဟု အသက် ၅၃နှစ်အရွယ် ကျောင်းဆရာမ ဒေါ်ခင်မာရီကပြောသည်။
ကြိုတင်မဲကို ရပ်ကျေးကော်မရှင်၏ အစီစဉ်ဖြင့် ကောက်ယူသော်လည်း မဲရုံမှူးတစ်ဦးအနေဖြင့် တာဝန်ရှိသဖြင့် အဝေးကသာ ကြည်ရှုခဲ့ခြင်းဖြစ်ပြီး ယင်းကို အရှေ့ကသွားပြီး မဲဆွယ်စည်းရုံးခြင်းမဟုတ်ကြောင်း ဒေါ်ခင်မာရီက ပြောသည်။ မဲဆွယ် စည်းရုံးခဲ့ခြင်းမရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးကော်မရှင်နှင့် သံသယဖြစ်ဖွယ်ရှိသော အိမ်များမှ နေထိုင်သူများကလည်း ရဲစခန်းတွင် ထွက်ဆိုထားသည်ဟု ဒေါ်ခင်မာရီက ပြောသည်။
ဒီဇင်ဘာ ၈ ရက်တွင် တရားရုံးက ဆင့်ခေါ်ထားကြောင်း သိရသည်။ ရွေးကောက်ပွဲဉပဒေ ပုဒ်မ ၆၁ အရ မည်သူမဆိုရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံအတွင်း၌ဖြစ်စေ မဲရုံမှ ကိုက်၅ဝဝအကွာ အတွင်းဖြစ်စေ အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ နှစ်ရပ်စလုံး ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။ ပုဒ်မ၆၁(က) မဲဆွယ်ခြင်း၊ ၆၁(ခ) မဲဆန္ဒရှင်တစ်ဦးဦးအား လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးကို ဆန္ဒမဲပေးရန်တောင်းဆိုခြင်း သို့မဟုတ် ဆန္ဒမဲပေးရန်တိုက်တွန်းသွေးဆောင်ခြင်းနှင့် ၆၁(ဂ)ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရန်သော်လည်း ဆန္ဒမဲမပေးဘဲနေရန်သော်လည်း တိုက်တွန်းသွေးဆောင်ပါက ပုဒ်မ ၆၁အရ အရေးယူခံရမည်ဟု ဖော်ပြပါရှိသည်။







