ဖောင်းပြင်မြို့ခရမ်းချဉ်သီးများအထွက်ကောင်းနေသော်လည်း သွားလာရေးအခက်အခဲကြောင့် တောင်သူများအခက်ကြုံ

ဖောင်းပြင်မြို့ခရမ်းချဉ်သီးများအထွက်ကောင်းနေသော်လည်း သွားလာရေးအခက်အခဲကြောင့် တောင်သူများအခက်ကြုံ

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှထွက်ရှိသည့် ခရမ်းချဉ်သီးများမှာအထွက်ကောင်းနေသော်လည်း သွားလာရေးခက်ခဲနေသည့်အတွက်ကြောင့်တောင်သူများ အခက်ကြုံနေကြောင်းငှက်ပျောတောရွာမှ ခရမ်းချဉ်စိုက်တောင်သူ ဦးညိုကပြောသည်။

''ကျွန်တော်တို့ ဖောင်းပြင်မြို့နယ်မှာ အခုနှစ် ထိုင်ဝမ်ခရမ်းချဉ်စိုက်ပျိုးမှုမျာပြီး အထွက်နှုန်းလည်းကောင်းဈေးနှုန်းလည်းကောင်းပါတယ်၊ ဒါပေမယ့်ဈေးကွက်ရှိတဲ့နေရာ သွားရောင်းဖို့ခက်နေတာဖြစ်ပါတယ်၊ ကျွန်တော်တို့ဖောင်းပြင်မြို့ပေါ်မှာ ခရမ်းချဉ်၊ တစ်ပိဿာ(၁ဝဝဝ)ကျပ်ဝန်းကျင် ရှိပါတယ်၊ကလေးဈေးကွက်နဲ့ မုံရွာဈေးကွက်ကိုပို့နိုင်ရင် တစ်ပိဿာ(၂ဝဝဝ)ကျပ်ဝန်းကျင်ဈေးရှိပါတယ်၊ COVID-19ရောဂါကြောင့်ကလေးဈေးကွက်လည်းမသွားရဲဘူး။ မုံရွာသွားရောင်းဖို့လည်းခက်တယ်''ဟု ၎င်းကပြောသည်။

ဖောင်းပြင်မြို့နယ်တွင် ယခင်ကာလများက မိုးစပါးကိုသာ အဓိကထားစိုက်ပျိုးကြသော်လည်း ယခုအခါမိုးစပါးစိုက်ပျိုးပြီးလျှင် ဈေးကွက်ဝင်ဆောင်းသီးနှံကို ကျေးရွာတိုင်းစိုက်ပျိုးလျက်ရှိသည်။ ဖောင်းပြင်မြို့နယ်မှထွက်ရှိသောဆောင်းသီးနှံများကို ဈေးကွက်ရှိရာ ကလေးဈေးကွက်နှင့် မုံရွာဈေးကွက်ကို နှစ်စဉ်တင်ပို့ရောင်းချကြသော်လည်း ယခုနှစ် COVID-19 ရောဂါကြောင့် ဥယျာဉ်ခြံထွက် အသီးအနှံများဈေးကောင်းနေသော်လည်း ဈေးကွက်ရှိရာမြို့ကြီးသို့သွားရန်မှာ အခက်အခဲရှိကြောင်း ယင်းဒေသခံက ပြောသည်။

''အခု ဒီဖက်မှာက တစ်မြို့နဲ့ တစ်မြို့ကူးသန်းသွားလာတာမပြောနဲ့၊ တစ်ရွာနှင့်တစ်ရွာ ညအိပ်သွားဖို့ ခက်နေတာ၊ကျွန်တော်တို့ ဖောင်းပြင်ကနေ ကလေးဈေးကွက်သွားရောင်းမယ်ဆိုရင်လည်းမြို့တွေအဆင့်ဆင့် ဖြတ်သွားရမှာ၊ကလေးမြို့ရောက်ရင်လည်း မသေချာဘူး၊ စောင့်ကြည့်ဆိုတာက (၁၄)ရက်ဝင်ရမယ်တဲ့၊ ခရမ်းချဉ်သီးရောင်းရတာ မြတ်တာနဲ့ စောင့်ကြည့်ဝင်လိုက်ရရင် ပြီးပြီ၊ ခရမ်းချဉ်သီးအရောင်းသွားတာ စောင့်ကြည့်ဝင်ပြီးပြန်ရမယ့် အနေအထား၊မုံရွာဆိုပိုဆိုးတာပေါ့ဗျာ''ဟုငှက်ပျောတောရွာ ခရမ်းချဉ်စိုက်တောင်သူ ဦးလေးမောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး