အမေရိက၌ COVID-19 ကူးစက်သူ ၁၃ သန်း ကျော်လွန်ခဲ့ပြီဖြစ်

အမေရိက၌ COVID-19 ကူးစက်သူ ၁၃ သန်း ကျော်လွန်ခဲ့ပြီဖြစ်

ဝါရှင်တန် နိုဝင်ဘာ ၂၈ - နိုဝင်ဘာ ၂၇ ရက်၌ အမေရိကန်ပြည်ထောင်စုတွင် COVID-19 ကူးစက်သူ ၁၃ သန်း ကျော်လွန်သွားခဲ့ပြီး ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော် အားလပ်ရက်တွင် ခရီးသွားလာမှုများ မြင့်မားခဲ့ခြင်းကြောင့် ဗိုင်းရပ်စ်ကူးစက်မှုမှာ ပိုမိုများပြားလာနိုင်ကြောင်း သိရသည်။

အမေရိကန်၌ နိုဝင်ဘာ ၂၆ ရက်အထိ COVID-19 ကူးစက်သူသစ် ၁၀၀၀၀၀ ကျော်အရေအတွက်ဖြင့် ၂၄ ရက်ဆက်တိုက် ကူးစက်ခဲ့ပြီး ဆေးရုံတင်ရသူဦးရေမှာ ၁၇ ရက်ဆက်တိုက် စံချိန်တင်မြင့်တက်ခဲ့သည်။

နိုဝင်ဘာ ၂၆ ရက်၌ COVID-19 ကူးစက်သူသစ် ၁၁၀၆၁၁ ဦးရှိပြီး သေဆုံးသူ ၁၂၃၂ ဦးရှိကြောင်း ဂျွန်ဟော့ကင်းစ်တက္ကသိုလ်မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ နိုဝင်ဘာ ၂၇ ရက်အထိ အမေရိကန် ပြည်ထောင်စု၌ ဗိုင်းရပ်စ်ကူးစက်သူ စုစုပေါင်း ၁၃၀၄၇၂၀၂ ဦးရှိကြောင်း ဂျွန်ဟော့ကင်းစ်တက္ကသိုလ်မှ ထုတ်ပြန်သော စာရင်းအင်းများအရ သိရသည်။

ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ၂၆၄၆၂၄ ဦးရှိပြီဖြစ်ကြောင်း သိရပြီး ကမ္ဘာပေါ်တွင် သေဆုံးသူဦးရေ အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်။ ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်ရက်မြတ်ဖြစ်သော နိုဝင်ဘာ ၂၆ ရက်အထိ ဆေးရုံတင်ရသူဦးရေ စုစုပေါင်းမှာ ၉၀၄၈၁ ဦးရှိပြီဖြစ်ကြောင်း COVID-19 ခြေရာခံရေးစီမံကိန်း၏ စာရင်းအင်းများအရ သိရသည်။

အားလပ်ရက်တွင် ခရီးသွားလာမှုများ မပြုလုပ်ဘဲ နေအိမ်တွင်သာ နေထိုင်ကြရန်အတွက် အစိုးရက မေတ္တာရပ်ခံခဲ့ကြသော်လည်း အမေရိကန်ပြည်သူများက လျစ်လျူရှုခဲ့သဖြင့် နိုဝင်ဘာ ၂၅ တစ်ရက်တည်း၌ပင် လေကြောင်းမှတစ်ဆင့် ခရီးသွားဦးရေ သန်းနှင့်ချီ၍ရှိခဲ့ကြောင်း သက်ဆိုင်ရာအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့ကြောင့် လာမည့်သီတင်းပတ်ထဲ၌ ကူးစက်သူဦးရေနှင့် သေဆုံးသူဦးရေမှာ ပိုမိုများပြားလာဖွယ်ရှိနေသည်။

COVID-19 ကပ်ရောဂါအား ကြောက်ရွံ့စိုးထိတ်နေရန် မလိုအပ်သော်လည်း တိုင်းပြည်၏ ထိခိုက်ပျက်စီးမှုများကို ယနေ့မှစ၍ ပြည်သူများကိုယ်တိုင် စည်းကမ်းလိုက်နာစောင့်ထိန်းခြင်းဖြင့် ပြောင်းလဲပစ်နိုင်ခွင့်ရှိနေပြီဖြစ်ကြောင်း ဘရောင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာမီဂန်ရန်နီက ပြောကြားခဲ့သည်။