တီဟီရန် နိုဝင်ဘာ ၂၈ - ၎င်းတို့နိုင်ငံ၏ ထင်ရှားကျော်ကြားမှုအရှိဆုံး နျူကလီးယားသိပ္ပံပညာရှင် မိုဆန်ဖာဂရီဇာဒက်သည် တီဟီရန်မြို့အပြင်တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း အီရန်အာဏာပိုင်များက နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့ပြီး ယခုဖြစ်ရပ်၏နောက်ကွယ်တွင် အစ္စရေးဘက်မှ အဓိကပါဝင်ပတ်သက်မှုရှိနိုင်ကြောင်း စွပ်စွဲပြောဆိုခဲ့ကြသည်။
လုံခြုံရေးအစောင့်အရှောက်များ ရောက်ရှိမလာသေးမီတွင် လုပ်ကြံသတ်ဖြတ်သူများ၏ တိုက်ခိုက်မှုကြောင့် မိုဆန်ဖာဂရီဇာဒက်မှာ ၎င်း၏ကားအတွင်း၌ ပြင်းထန်သောဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံသို့အချိန်မီပို့ဆောင်နိုင် ရန်ကြိုးစားခဲ့သော်လည်း သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အီရန်သုတေသနနှင့် တီတွင်ဆန်းသစ်မှုဝန်ကြီးလည်းဖြစ်သော မိုဆန်ဖာဂရီဇာဒက်မှာ အီရန်နိုင်ငံအတွက် နျူကလီးယားလက်နက်တို့၏ ဖခင်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားခဲ့ဖူးသည်။ ၎င်းသည် တီဟီရန်မြို့အရှေ့ဘက်စွန်းရှိ အက်ဘ်ဇာ့မြို့သို့သွားရာလမ်းခရီးတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
အထင်ကရ သိပ္ပံပညာရှင်အား လုပ်ကြံသတ်ဖြတ်မှုတွင် အစ္စရေးရှိ အဖွဲ့အစည်းတစ်ခုမှ ထဲထဲဝင်ဝင်ပတ်သက်မှုရှိနေနိုင်ပြီး အကြမ်းဖက်သမားများက အီရန်၏သိပ္ပံပညာရှင်ကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံ ခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်ဖ်က တွစ်တာမှတစ်ဆင့် ပြောကြားခဲ့သည်။
ယခုလုပ်ကြံမှုသည် အစ္စရေး၏ သူရဲဘောကြောင်မှုကို ထင်ထင်ရှားရှား ပြသနေကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။ အီရန်နိုင်ငံအား အကြမ်းဖက်မှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝိုင်းဝန်းရှုတ်ချပေးရန်လည်း ဇာရစ်ဖ်က တိုက်တွန်းပြောကြားခဲ့သည်။

















