ဝါရှင်တန် နိုဝင်ဘာ ၂၈ - လူမည်းအမျိုးသားတစ်ဦးအား ပြင်သစ်ရဲတပ်ဖွဲ့ဝင်များက ကိုယ်ထိလက်ရောက်ရိုက်နှက်နေခြင်းကို မြင်တွေ့ရခြင်းသည် ပြင်သစ်နိုင်ငံအတွက် အရှက်ရစရာဖြစ်ရကြောင်း သမ္မတဧမာနွေလမာခရွန်က နိုဝင်ဘာ ၂၇ ရက်၌ ပြောကြားလိုက်ပြီး ရဲတပ်ဖွဲ့အပေါ် ပြည်သူများ ယုံကြည်မှုပြန်လည်ရရှိစေရန် ကြိုးစားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။
မီရှယ်ဇီကလာဟု အမည်ရှိသော တေးဂီတထုတ်လုပ်သူ လူမည်းအမျိုးသားတစ်ဦးကို ပြင်သစ်ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်နေသည့် ရုပ်သံဖိုင်သည် လူမှုကွန်ရက်စာမျက်နှာများတွင်သာမကဘဲ သတင်းဌာနကြီးများ၏ ဝက်ဘ်ဆိုက်များပေါ်တွင် ပျံ့နှံ့သွားခြင်းကြောင့် လက်ရှိတွင် ယင်းကိစ္စနှင့် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
မီရှယ်ဇီကလာသည် ကူးသန်းသွားလာမှုကန့်သတ်ထားချိန်တွင် ၎င်း၏ စတူဒီယိုခန်းအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် လေးဦးက ရိုက်နှက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ဝင်များသည် မီရှယ်ဇီကလာအား မိနစ်အတန်ကြာ ရိုက်နှက်ခဲ့ကြပြီး လူမျိုးရေးခွဲခြားသည့်သဘောမျိုး သက်ရောက်မှုရှိခဲ့ကြောင်း ရုပ်သံဖိုင်မှတ်တမ်းအရ တွေ့ရသည်။
ထို့ကြောင့် ယခုကိစ္စမှာ လက်မခံနိုင်စရာဖြစ်ရကြောင်း မာခရွန်က ပြောကြားခဲ့သည်။ ‘‘မီရှယ်ဇီကလာကို ဒေါသတကြီး ပြုမူဆက်ဆံနေတဲ့ ပုံရိပ်တွေကိုမြင်ရတာ လက်မခံနိုင်စရာပါပဲ။ သူတို့ဟာ ကျွန်တော်တို့အားလုံးကို အရှက်ရစေခဲ့ပါတယ်။ ပြင်သစ်ဟာ ဘယ်သူ့အပေါ်ပဲဖြစ်ဖြစ် အကြမ်းဖက်တာမျိုးနဲ့ လူမဆန်တဲ့လုပ်ရပ်မျိုးတွေကို ဘယ်တုန်းကမှ ခွင့်မပြုတဲ့နိုင်ငံပါ။ အမုန်းတရားတွေနဲ့ လူမျိုးရေးခွဲခြားမှုတွေကို ပြင်သစ်အနေနဲ့ ခွင့်မပြုသင့်ပါဘူး’’ ဟု မာခရွန်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။
ဥပဒေအား ထိန်းသိမ်းဆောင်ရွက်သူများအနေဖြင့် ဥပဒေအား လေးစားလိုက်နာရမည်ဖြစ်ပြီး ရဲတပ်ဖွဲ့အနေဖြင့် စံနမူနာယူထိုက်အောင် ကြိုးစားသင့်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ပြင်သစ်ရဲတပ်ဖွဲ့အပေါ် ပြည်သူများ၏ယုံကြည်မှု အမြန်ဆုံးပြန်လည်ရရှိရန်အတွက် လုပ်ဆောင်ရန် အစိုးရအဖွဲ့အား ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း မာခရွန်က ပြောဆိုခဲ့သည်။
လက်ရှိတွင် မီရှယ်ဇီကလာအား ရိုက်နှက်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင် လေးဦးကိုလည်း ရာထူးမှရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

















