ဝါရှင်တန် နိုဝင်ဘာ ၂၈ - ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်အား ပင်ဆီဗေးနီးယားပြည်နယ် အနိုင်ရသူအဖြစ်မှ ပယ်ဖျက်ပေးရန် ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့၏ အယူခံဝင်မှုအပေါ် ပြည်ထောင်စုအယူခံတရားရုံးတစ်ခုက နိုဝင် ဘာ ၂၇ ရက်၌ ပယ်ချခဲ့ကြောင်း သိရသည်။ ထို့ကြောင့် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲရလဒ်အား ပြောင်းလဲပစ်ရန် ကြိုးစားနေသည့် ထရမ့်အတွက် မျှော်လင့်ချက်များ မှေးမှိန်သွားခဲ့ရပြီဖြစ်သည်။
‘‘လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ မမျှတဘူးဆိုပြီး စွဲချက်တင်တာတွေက လေးနက်ပါတယ်။ ဒါပေမဲ့ အဲဒီလိုပြောပြီးတော့ ရွေးကောက်ပွဲမှာ တရားမမျှတဘူးလို့ စွဲချက်တင်လို့မရဘူး။ တရားစီရင်မှုမှာ ခိုင်လုံတဲ့ တရားစွဲဆိုချက်လိုအပ်ပြီး အဲဒီနောက် သက်သေပြရတယ်။ ကျွန်တော်တို့ဆီမှာ ဘာမှမရှိဘူး’’ ဟု အယူခံတရားရုံး တရားသူကြီးသုံးဦးကိုယ်စား တရားသူကြီးတစ်ဦးဖြစ်သူ စတီဖာနိုဘီဘက်စ်က ပြောကြားခဲ့သည်။
ထရမ့်၏ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကမူ ပင်ဆီဗေးနီးယားပြည်နယ်၏ တရားစီရင်ရေးသည် ကြီးမားသော မဲလိမ်လည် မှုများကို ဆက်လက်ဖုံးကွယ်ထားကြောင်း ပြောဆိုခဲ့သည်။
ဂျိုးဘိုင်ဒင်သည် ပင်ဆီဗေးနီးယားပြည်နယ်တွင် ထရမ့်အား မဲအရေအတွက် ၈၀၀၀၀ အသာဖြင့် အနိုင်ရခဲ့သူဖြစ်သည်။ ပင်ဆီဗေးနီးယားပြည်နယ်ဥပဒေအရ မဲအရေအတွက်အသာဖြင့် အနိုင်ရသူသည် ရွေးကောက်ပွဲ ဆိုင်ရာ ကိုယ်စားလှယ်မဲအရေအတွက် ၂၀ ကို ကိုယ်စားပြုခွင့်ရှိနေသည်။
ရွေးကောက်ပွဲအား တရားဥပဒေကြောင်းအရ နည်းလမ်းအမျိုးမျိုးဖြင့် ရင်ဆိုင်နေသော်လည်း လာမည့် ဒီဇင်ဘာ ၁၄ ရက်၌ အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲဆိုင်ရာ ကိုယ်စားလှယ်မဲအရေအတွက်တွင် ဘိုင်ဒင်အနိုင်ရပါ က အိမ်ဖြူတော်အား စွန့်ခွာသွားမည်ဖြစ်ကြောင်း ထရမ့်က နိုဝင်ဘာ ၂၆ ရက် နေ့၌ ပြောကြားခဲ့ပြီးဖြစ်သည်။

















