ဆိုးလ် နိုဝင်ဘာ ၂၈ - မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် တာဝန်ပျက်ကွက်ခဲ့သည့် အစိုးရအရာရှိတစ်ဦးနှင့် လူပုဂ္ဂိုလ်တစ်ဦးကို သေဒဏ်စီရင်ခဲ့သည်ဟု တောင်ကိုရီးယားလျှို့ဝှက်စုံစမ်းရေးဌာနတစ်ခုက လွှတ်တော်အမတ်များ ထံသို့ နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားချက်အရ သိရသည်။
စီးပွားရေးထိခိုက်ပျက်စီးမှုများနှင့် COVID-19 ကပ်ရောဂါရန်မှ ကာကွယ်ရန်အတွက် ကမန်းကတန်းဆောင်ရွက်နေပြီး ပြုံယမ်းမြို့တော်ကိုလည်း ကူးသန်းသွားလာမှုပိတ်ပင်ချက်များ ချမှတ်ခဲ့ကာ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများကိုလည်း ကင်ဂျုံအန်က တားမြစ်ခဲ့ကြောင်း သိရသည်။
ပြည်ပတိုင်းပြည်များသို့ ရန်စသည့်အပြုအမူမျိုးကို လုံးဝရှောင်ရှားကြရန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား ဆန့်ကျင်သည့်လုပ်ရပ်မျိုးများကို မလုပ်ကြရန်လည်း ကင်ဂျုံအန်က အာဏာပိုင်များထံ ညွှန်ကြားခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတသစ်ဖြစ်လာမည့် ဂျိုးဘိုင်ဒင်အနေဖြင့် မြောက်ကိုရီးယားအပေါ် ဆက်ဆံရေးတိုးမြှင့်လုပ်ဆောင်လာစေရန် မျှော်လင့်မှုနှင့်အတူ ချဉ်းကပ်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့က ပြောကြားခဲ့သည်။
အာဏာပိုင်များ ကိုင်တွယ်စီမံပုံ အားနည်းချက်ကြောင့် စီးပွားရေးဂယက်ရိုက်ခတ်မှုရှိပြီး ကပ်ရောဂါနှင့်ပတ်သက်၍ ချမှတ်ဆောင်ရွက်သော စီမံချက်များအပေါ် ကင်ဂျုံအန်ဒေါသထွက်နေခဲ့ကြောင်း တောင်ကိုရီးယား လွှတ်တော်အမတ် ဟာတေးကွမ်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားငွေကြေးတန်ဖိုး မြင့်မားစွာကျဆင်းသွားသည့်အရေးနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးကို ကင်ဂျုံအန်က သေဒဏ်ပေးခဲ့ပြီး ကန့်သတ်ထားသော ပြည်ပသွင်းကုန်စည်းမျဉ်းများအား ချိုးဖောက်ခဲ့သော ထိပ်တန်းအရာရှိတစ်ဦးကိုလည်း သေဒဏ်စီရင်ခဲ့ကြောင်း ဟာတေးကွမ်က ပြောကြားသည်။ သေဒဏ်စီရင်ခံရသူများ၏အမည်ကိုမူ အတိအကျ မသိရပေ။
မြောက်ကိုရီးယားတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးရန်အတွက် ပင်လယ်ပြင်တွင် ငါးဖမ်းခြင်း၊ ဆားထုတ်လုပ်ခြင်းလုပ်ငန်းများကို ကင်ဂျုံအန်က တားမြစ်ထားကြောင်းလည်း သိရသည်။

















