တရုတ်မှလာခြင်းမဟုတ်ဟုပြောလျှင် မှန်းဆပြောဆိုခြင်းဖြစ်မည်ဟု မိုက်ခ်ရိုင်ယန် ပြော

တရုတ်မှလာခြင်းမဟုတ်ဟုပြောလျှင် မှန်းဆပြောဆိုခြင်းဖြစ်မည်ဟု မိုက်ခ်ရိုင်ယန် ပြော

ဂျနီဗာ နိုဝင်ဘာ ၂၈ - COVID-19 ဗိုင်းရပ်စ်သည် တရုတ်မှ စတင်ပေါ်ထွက်လာခြင်းမဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် တရားဝင်ထုတ်ပြန်ပါက သက်သေမပြနိုင်သည့်အကြောင်းအရာတစ်ခုကို အန္တရာယ်ကြီးစွာဖြင့် မှန်းဆပြောဆိုခြင်းသာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း WHO ကပ်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာမိုက်ခ်ရိုင်ယန်က နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ 

COVID-19 ဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ တောရိုင်းတိရစ္ဆာန်သားငါးဈေးတစ်ခုမှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သော်လည်း တရုတ်နိုင်ငံပိုင် သတင်းမီဒီယာများကမူ ဗိုင်းရပ်စ်မှာ ယင်းကာလမတိုင်မီကပင် ကမ္ဘာပေါ်၌ ရှိနှင့်ပြီးသားဖြစ်ကြောင်း ဖော်ပြနေသည်။ တရုတ်သို့တင်သွင်းသော အေးခဲအသားများနှင့် အစားအစာများတွင် COVID-19 ရောဂါပိုး တွေ့ရှိနေရခြင်းကြောင့် ရောဂါပိုးမှာ ဥရောပတွင် လွန်ခဲ့သည့်နှစ်ကတည်းက ရှိနှင့်ပြီးဖြစ်ကြောင်း လိုရာစွဲ၍ ဖော်ပြနေကြသည်။

‘‘ကပ်ရောဂါကြီးက တရုတ်ကနေစပြီး ပေါ်ထွက်လာတာမဟုတ်ဘူးလို့ ကျွန်တော်တို့အနေနဲ့ ထုတ်ပြန်ရရင်တော့ ဒါဟာ အန္တရာယ်ကြီးမားစွာနဲ့ မှန်းဆပြောဆိုလိုက်ခြင်းသာဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ လူသားကူးစက်မှု စတင်ဖြစ်ပွားတဲ့နေရာအပေါ် စုံစမ်းစစ်ဆေးမှုအရ ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင် ဒါက ရှင်းနေတာပဲလေ’’ ဟု မိုက်ခ်ရိုင်ယန်က ပြောကြားခဲ့သည်။

ထို့အပြင် COVID-19 ဗိုင်းရပ်စ်၏ မူလဗီဇဇာစ်မြစ်ကို အတိအကျသုတေသနပြုနိုင်ရေးအတွက် တရုတ်နိုင်ငံရှိ ဝူဟန်ဈေးသို့ လေ့လာသူပညာရှင်များစေလွှတ်ရန် WHO အနေဖြင့် ရည်ရွယ်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အစောပိုင်းတွင် ဗိုင်းရပ်စ်သည် တရုတ်နိုင်ငံထံမှ ပေါ် ထွက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုမှုကို ငြင်းဆန်မှုများရှိခဲ့သည့်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က WHO အား တရုတ်ဗဟိုပြုအဖွဲ့အစည်းဟု စွပ်စွဲခဲ့သည်။