ပြင်ဦးလွင် မဟာအံ့ထူးကံသာ(ပြည်ချစ်) ဘုရားကြီး၌ နှစ်စဉ်ကျင်းပဆဲဖြစ်သော တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးကို ယခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေမှုကြောင့် မကျင်းပဖြစ်သော်လည်း မသိုးသကင်္န်းကပ်လှူပူဇော်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘုရားကြီးဂေါပကအတွင်းရေးမှူး ဦးကျော်ဌေးက ပြောသည်။
''နှစ်စဉ်ပူဇော်နေမြဲဖြစ်တဲ့ မသိုးသင်္ကန်းကိုတော့ ဆရာတော်ကြီးတွေရဲ့သြဝါဒကိုခံယူတော်မူပြီး ဘုရားကြီးဂေါပကအဖွဲ့ဝင်တွေနဲ့ ကပ်လှူပူဇော်သွားမှာပါ''ဟု ဂေါပကအတွင်းရေးမှူးဦးကျော်ဌေးက ပြောသည်။
ယခုနှစ်တွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကျင်းပပြုလုပ်ဖြစ်ခဲ့ပါက(၁၆)ကြိမ်မြောက် ဖြစ်မည်ဖြစ်ကြောင်းလည်းသိရသည်။ ယခုနှစ်တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲ ကျင်းပပြုလုပ်ခြင်းမရှိသောကြောင့် ရပ်ကွက်၊ ကျေးရွာအသီးသီးတို့၌ နှစ်စဉ်ပြုလုပ်နေကျဖြစ်သော မီးပုံးပျံကြီးများ ပြုလုပ်ကြခြင်းမရှိတော့ကြောင်း၊ယခင်နှစ်များက ပြိုင်ပွဲဝင်မီးပုံးပျံများနှင့်အတူ အပျော်တမ်းလွှတ်တင်သည့်မီးပုံးပျံများရှိခဲ့ကြောင်း၊ တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ညမီးကျည်၊ စိန်နားပန် မီးပုံးပျံ စုစုပေါင်းအလုံးရေ ရာနှင့်ချီ၍ မီးပုံးပျံပညာရှင်များက ပြုလုပ်ပေးခဲ့ရကြောင်း မီးပုံးပျံပညာရှင် ကိုဇော်ထိုက်က ပြောသည်။
ပြင်ဦးလွင်မြို့၌ နှစ်စဉ်ပြုလုပ်နေကျမီးပုံးပျံကြီးများဖြစ်သော ညမီးကျည်နှင့်စိန်နားပန်မီးပုံးပျံကြီးများမှာ အလတ်စား၊ အငယ်စား၊ တစ်လုံးလျှင် ကျပ်ဆယ်သိန်းမှ ကျပ်သိန်းနှစ်ဆယ်အထိလည်းကောင်း၊ အကြီးစားမီးပုံးပျံကြီးများမှာကျပ်သိန်းနှစ်ဆယ်မှ ကျပ်သိန်းသုံးဆယ်ကျော်အထိလည်းကောင်း ကုန်ကျစရိတ်ရှိကြောင်း သိရသည်။
















