စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ဥယျာဉ်ခြံမြေများနှင့်နေအိမ်ဝိုင်းများအတွင်း တစ်ပိုင်တစ်နိုင်နဂါးမောက်သီးစိုက်ပျိုးမှု လုပ်ကိုင်ကြသူများ ဖြစ်ထွန်းအောင်မြင်ပြီး မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကလေးမြို့နယ် နတ်ချောင်းရွာအနီး တစ်ပိုင်တစ်နိုင် နဂါးမောက်သီးစိုက်ပျိုးသည့် ဦးဝင်းကြိုင်ကပြောသည်။
''နဂါးမောက်သီးက စားသုံးသူများအတွက် ကျန်းမာရေးညီညွတ်တဲ့သီးနှံဖြစ်တဲ့အတွက် စားသုံးသူများပြားပါတယ်။ ဒါကြောင့်မို့ ကလေးဒေသထွက်နဂါးမောက်သီးတွေကို တမူးနယ်စပ်၊ရိဒ်နယ်စပ်ကတစ်ဆင့် အိန္ဒိယနိုင်ငံနယ်စပ် ပြည်နယ်ဖက်ကို ရောင်းချတာမျိုးရှိပါတယ်၊ နဂါးမောက်သီးပင်ကစိုစွတ်တဲ့ရာသီဥတု၊ အေးမြတဲ့ရာသီဥတုတွေမှာ ဖြစ်ထွန်းအောင်မြင်တယ်၊ဒါ့ကြောင့် ကလေးဒေသမှာ နဂါးမောက်သီးပင်စိုက်ပျိုးသူများပြားပါတယ်''ဟု၎င်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး၊တမူး၊ ရိဒ်နယ်စပ်တို့တွင် နဂါးမောက်သီးရောင်းဝယ်မှုဈေးကွက်မှာ ကြီးမားလျက်ရှိရာ ယခုရက်ပိုင်း ကလေးဒေသထွက်နဂါးမောက်သီးများတွင် အလုံး(၅ဝဝ)ကျပ်၊ ဖောက်သည်ဈေး သုံးလုံး(၁ဝဝဝ)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကလေးဒေသတွင် နဂါးမောက်သီးအဖြူမျိုးနှင့် အနီးမျိုးဟူ၍ နှစ်မျိုးစိုက်ပျိုးပြီး အဖြူမျိုးမှာ စားသုံးသည့်အခါချိုအေးပြီး အနီမျိုးက အစာချေဖျက်အားကောင်းခြင်း၊ သွေးဝမ်းမှန်ကန်ခြင်း၊ သွေးတိုး၊ ဆီးချိုရောဂါသည်များနှင့် အထူးသင့်လျော်ကြောင်း သိရသည်။
''ကျွန်တော်တို့စိုက်ပျိုးထားတဲ့နဂါးမောက်သီးပင်က စတင်စိုက်ပျိုးပြီးတစ်နှစ်သားဆိုရင် ရောင်းတန်းဝင်နဂါးမောက်သီးကိုရရှိပါတယ်။ တစ်နှစ်ကိုငါးကြိမ်သီးပါတယ်၊ စိုက်ပျိုးရာမှာတော့ဂရုစိုက်ပြုစုပေးရပါတယ်။ ကျွန်တော်တို့ ကလေးဒေသမှာတော့ နဂါးမောက်သီးပင်ကို အတန်းလိုက်စိုက်တယ်၊ခြောက်ပေခွာစိုက်တယ်။ ကျွန်တော့်ခြံက ထွက်တဲ့နဂါးမောက်သီးတွေကိုတော့ တမူးနယ်စပ်ဈေးကွက်နဲ့ ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်း၊ ဖောင်းပြင်ဈေးကွက်ကို တင်ပို့ရောင်းချပါတယ်''ဟု ကလေးမြို့နယ် ထောက်ကြန့်ရွာအနီးတွင် နဂါးမောက်သီးတစ်ပိုင်တစ်နိုင်စိုက်ပျိုးနေသည့် ဦးတင့်ဆန်းကပြောသည်။

















