ချောင်းဦးမြို့၌ ဒေသနှင့်ကိုက်ညီသော ကုလားပဲမျိုးများအား အထွက်နှုန်းယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထား

ချောင်းဦးမြို့၌ ဒေသနှင့်ကိုက်ညီသော ကုလားပဲမျိုးများအား အထွက်နှုန်းယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထား

ချောင်းဦးမြို့နယ်အတွင်း ဒေသနှင့်ကိုက်ညီသော ကုလားပဲမျိုးများအား အထွက်နှုန်းယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားကြောင်း မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီမှူးဒေါ်ခင်မြတ်မြတ်ဦးထံမှ သိရသည်။

''စစ်ကိုင်းတိုင်းမှာ ကိုရီးယားနိုင်ငံ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနဲ့ စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်တဲ့ ကုလားပဲမျိုးတွေအထွက်ယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးနေတာဖြစ်ပါတယ်။ ချောင်းဦးမြို့နယ် ဝယာအုပ်စု၊ ဝယာကျေးရွာတောင်သူဦးသောင်းချိုကွင် အမှတ်(၁၉၅၁)မှာကိုရီးယားနိုင်ငံ (KOIPA)၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR)၊စိုက်ပျိုးရေးဦးစီးဌာန (DOA)တို့ပူပေါင်းဆောင်ရွက်တဲ့ ကုလားပဲမျိုးတွေအထွက် ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးရာမှာ စိုက်နည်းစနစ်မှန်ကန်စေဖို့ တောင်သူလယ်သမားအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်'' ဟု ဒေါ်ခင်မြတ်မြတ်ဦးကပြောသည်။

ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီမှူး ဒေါ်ခင်မြတ်မြတ်ဦး၏ စီမံမှုဖြင့် အမြင့်စိုက်ပျိုးနည်းပညာပြန့်ပွားရေး စင်တာ KC တာဝန်ခံဦးတင်မောင်ဌေးနှင့် စိုက်ပျိုးရေးပညာရှင် ကွင်းတာဝန်ခံများကနိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းကကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

''ကုလားပဲမျိုးများ အထွက်ယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးရခြင်းဟာ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိတဲ့ကုလားပဲမျိုးတွေ၊ ဒေသနဲ့ကိုက်ညီတဲ့မျိုးတွေ၊အထွက်နှုန်းကောင်းတဲ့မျိုးတွေရရှိစေဖို့ ရည်ရွယ်ပြီး အထွက်ယှဉ်ပြိုင်စမ်းသပ်ရ တာဖြစ်ပါတယ်'' ဟု ကွင်းတာဝန်ခံ ဒေါ်ဒေစီဝင်းကပြောသည်။

မကြာမီကာလတွင် ဒေသ၊ရေ၊မြေ၊ရာသီဥတုနှင့် ကိုက်ညီမှုရှိကာရောဂါဒဏ်ခံနိုင်ရည်ရှိသောအထွက်ကောင်း ကုလားပဲမျိုးများဖြစ်သည့်TCHL 15-33 ၊ ZCHL1302၊ PCHL-14101၊ ZCHL-1303၊ PCHL-14104၊ PCHL-13408၊ PCHL-13410၊ Yezin-8၊ Yezin-6 တို့ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသနှင့်ကိုက်ညီသော အထွက်နှုန်းနှင့်အရည်အသွေးကောင်းမွန်သည့် သီးနှံမျိုးကောင်း၊မျိုးသစ်များ စမ်းသပ်ဖော်ထုတ်ခြင်း၊သဘာဝအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းပြီး သီးနှံအလိုက်အကျိုးအမြတ်အများဆုံးရရှိသည့် စိုက်ပျိုးနည်းစနစ်များ၊ နယ်မြေဒေသရှိ စိုက်ပျိုးရေးသီးနှံဆိုင်ရာ ပြဿနာများကိုဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး