အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အပြတ်အသတ်အနိုင်မရခဲ့သည့် ရှမ်းနှင့် ရခိုင်ပြည်နယ်တို့၌ လွှတ်တော်သစ် ဖွဲ့စည်းနိုင်ရေးအတွက် လိုအပ်ပါက ယင်းဒေသရှိ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများနှင့် သီးခြားဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်အတွင်း ယင်းဒေသများရှိ တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးညှိနှိုင်းမှု မရှိခဲ့သည့် NLD သည် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌနေရာများကို အနိုင်မရရှိခဲ့ဘဲ ရှမ်းပြည်တွင် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များနှင့် ရခိုင်တွင် ANP ပါတီတို့က အနိုင် ရရှိခဲ့ကြသည်။
ထို့ကြောင့် NLD ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်၊ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် တစ်ဦးလည်းဖြစ်သည့် ဒေါက်တာ မျိုးညွန့်က “ ဒါက လိုအပ်လို့ရှိရင် သီးခြားဆွေးနွေးရမှာပေါ့ ခင်ဗျာ ” ဟု မြန်မာတိုင်းမ်သို့ ပြောသည်။
ယင်းလွှတ်တော်များအတွင်း အတူတကွတွဲ၍ အလုပ်လုပ်ကြရမည်ဖြစ်သည့်အတွက် လိုအပ်ပါက ဆွေးနွေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ ဒါကတော့ သီးခြားအခြေအနေဖြစ်ပါတယ်။ ဒါက လွှတ်တော်ရေးရာ ကိစ္စပိုင်းက ကိစ္စတွေက သပ်သပ်ပါ။ ကျွန်တော်တို့ကတော့ အခုက အနာဂတ်ပြည်ထောင်စုသစ် ဖွဲ့ရေးအတွက်ဆိုတော့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုရဲ့ပုံစံနဲ့ ပိုဆိုင်ပါတယ်။ လတ်တလော လွှတ်တော်ပုံစံမျိုးမဟုတ်ဘဲနဲ့။ လတ်တလောကိစ္စပေါ် မူတည်ပြီး ဖိတ်ခေါ်တာ မဟုတ်ပါဘူး ” ဟု ဒေါက်တာ မျိုးညွန့်က ဆက်ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ NLD က ၂၉ နေရာနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီး ၄ နေရာ အနိုင်ရခဲ့ပြီး ကျားခေါင်းပါတီဟုလူသိများသည့် SNLD က ၂၆ နေရာနှင့် ကြံ့ခိုင်ရေးပါတီက ၂၄ နေရာအနိုင်ရခဲ့သည်။
ထို့ပြင် တအာင်းပလောင် အမျိုးသားပါတီ (TNP)က ၇ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ(PNO)က ၇ နေရာ၊ ‘ဝ’အမျိုးသားပါတီ(WNP)က ၂ နေရာ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(LNDP)က ၂ နေရာ၊ ကျားဖြူပါတီဟု လူသိများသည့် SNDP က ၁ နေရာ၊ ကယန်းအမျိုးသားပါတီ(KNP)က ၁ နေရာနှင့် တစ်သီးပုဂ္ဂလက ၁ နေရာတို့လည်း အနိုင်ရရှိခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်၌ ရခိုင်အမျိုးသားပါတီ(ANP)က အများဆုံးအနေဖြင့် ပြည်နယ်လွှတ်တော်တွင် ၇ နေရာ၊ NLD က ၄ နေရာနှင့် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ၁ နေရာ၊ ANPပါတီမှ ခွဲထွက်ပါတီဖြစ်သည့် ရခိုင့်ဉီးဆောင်ပါတီ(AFP)က ၂ နေရာတို့ဖြင့် အသီးသီးအနိုင်ရခဲ့သည်။
ထို့ကြောင့် NLD အနေဖြင့် ရှမ်းနှင့် ရခိုင်တို့တွင် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌအပါအဝင် လွှတ်တော်ဖွဲ့စည်းနိုင်ရေးအတွက် ဒေသခံတိုင်းရင်းသားပါတီများနှင့် ဆွေးနွေးသွားရဖွယ်ရှိကြောင်း သိရသည်။
လက်ရှိ ရှမ်းပြည်နယ်လွှတ်တော်၌ ပြည်ခိုင်ဖြိုးပါတီ ကျိုင်းတုံ မဲဆန္ဒနယ်အမှတ် ၁ မှ ဉီးစိုင်းလုံဆိုင်က ဥက္ကဋ္ဌ၊ ရွာငံမဲဆန္ဒနယ်အမှတ် ၂ မှ ဉီးစဝ်အောင်မြတ်က ဒုတိယဥက္ကဋ္ဌတို့ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်၌ ANP ပါတီက ဉီးစံကျော်လှက ဥက္ကဋ္ဌ၊ ဉီးဖိုးမင်းက ဒုတိယဥက္ကဋ္ဌတို့အဖြစ် အသီးသီး တင်မြှောက်ခံထားရသည်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ၌ NLD ပါတီသည် ပြည်သူ့လွှတ်တော်တွင် ၂၅၈ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၃၈ နေရာ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်တွင် ၅၀၁ နေရာနှင့် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနေရာတွင် ၂၃ နေရာ စုစုပေါင်း ၉၂၀ နေရာအထိ အနိုင်ရခဲ့သည်။







