နိုင်ရိုဘီ နိုဝင်ဘာ ၂၉ - တီဂရေးဒေသအား နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုများ ပြုလုပ်နေသော စစ်တပ်၏ စစ်ဆင်ရေးလုပ်ငန်းစဉ်များအားလုံး ပြီးဆုံးပြီဖြစ်ကြောင်းနှင့် ယင်းဒေသအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အီသီယိုးပီးယားဝန်ကြီးချုပ် အဘီအာမတ်က နိုဝင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။
တီဂရေးဒေသ လက်နက်ကိုင်များနှင့် သုံးပတ်ကြာဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ပြီဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏အုပ်ချုပ်စီမံကွပ်ကဲမှုများ ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တီဂရေးဒေသအား တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး လက်နက်ကိုင်တပ်ဖွဲ့က ဆယ်စုနှစ်ပေါင်းများစွာ သိမ်းပိုက်ထားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အဘီအာမက်အစိုးရ အာဏာရလာပြီးနောက် ယင်းဒေသအား ပြန်လည်ရယူရန်ကြိုးစားခဲ့သည်။ အီသီယိုးပီးယားစစ်တပ်နှင့် တီဂရေးလက်နက်ကိုင်တပ်များ၏ ပြည်တွင်းစစ်ကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ကြရပြီး ဆူဒန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင်ဒုက္ခသည် ၄၄၀၀၀ ခန့်ရှိနေကြောင်း ကုလသမဂ္ဂက ဖော်ပြသည်။
‘‘တီဂရေးဒေသမှာ စစ်တပ်ကဆောင်ရွက်နေတဲ့ နယ်မြေထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေအားလုံး ပြီးမြောက်ခဲ့တဲ့အကြောင်းကို ပြောခွင့်ရလို့ အရမ်းကိုကျေနပ်ရပါတယ်။ မာလဲကာမြို့တော်ကို ပြည်ထောင်စုအစိုးရက အလုံးစုံအုပ်ချုပ်ပြီး စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ဝန်ကြီးချုပ် အဘီအာမတ်က တွစ်တာမှတစ်ဆင့် ပြောကြားခဲ့သည်။
သို့သော် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး အဖွဲ့ခေါင်းဆောင်က ၎င်းတို့၏ဒေသအား ပြန်လည်ရယူသိမ်းပိုက်ရန်အတွက် အလျှော့ပေးမည်မဟုတ်ဘဲ စစ်တပ်ကို တိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနသို့ စာတိုသတင်းပေးပို့မှုတွင် ရေးသားပြောဆိုခဲ့သည်။ ယင်းပြောဆိုချက်နှင့်ပတ်သက်ပြီး အစိုးရဘက်မှ တုံ့ပြန်ထားခြင်းမရှိပေ။

















