ပါရီ နိုဝင်ဘာ ၂၉ - နိုဝင်ဘာ ၂၈ ရက်၌ နှာခေါင်းစည်း(Mask) တပ်ဆင်ထားသော ဆန္ဒပြသူများက လုံခြုံရေးအတားအဆီးများကို ဖယ်ရှားကာ မီးကျည်များ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ခြင်းကြောင့် ပြင်သစ်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပြန်လည်ပစ်ခတ်၍ လူစုခွဲရန်ကြိုးစားခဲ့ကြောင်း သိရသည်။
တေးဂီတထုတ်လုပ်သူ မီရှယ်ဇီကလာဆိုသည့် လူမည်းအမျိုးသားအား ရဲတပ်ဖွဲ့ဝင်များက ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့မှုအပေါ် ရဲတပ်ဖွဲ့၏ လုပ်ရပ်များအား ရှုတ်ချရေးသားရန် သတင်းစာလွတ်လပ်ခွင့်အတွက် ထောင်နှင့်ချီသောလူများက ပြင်သစ်နိုင်ငံတွင် နိုဝင်ဘာ ၂၈ ရက်က ဆန္ဒပြခဲ့ကြသည်။
မှုခင်းများတွင် ရဲတပ်ဖွဲ့ဝင်များ ကျူးလွန်သော ပုံရိပ်များအား ဖြန့်ဝေခြင်းသည် ရာဇဝတ်မှုမြောက်ကြောင်း သတ်မှတ်ထားခြင်းအား ဆန့်ကျင်ဆန္ဒပြမှုများကို လိုင်လီ၊ ရန်းနက်စ်၊ စထရက်စ်ဘော့မြို့များအပါအဝင် မြို့ကြီးများ၌ လုပ်ဆောင်ခဲ့ကြသည်။ အတိုက်အခံများကမူ သတင်းစာလွတ်လပ်ခွင့်မရှိကြောင်း ပြောဆိုနေကြသည်။
ဆန္ဒပြသူများက ‘‘ရဲတပ်ဖွဲ့ရဲ့ လက်ထဲက ငါတို့ကို ဘယ်သူကယ်မှာလဲ”။ ‘‘ဒီမိုကရေစီ အတင်းအဓမ္မဖိနှိပ်ခံနေရပြီ’’ ဆိုသည့် ဆောင်ပုဒ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ ယခုဆန္ဒပြမှုများကို အစိုးရ၏ မူဝါဒများအား လွန်ခဲ့သည့်နှစ်နှစ်က ဆန့်ကျင်ဆန္ဒပြခဲ့သော Yellow Vest ဆန္ဒပြသူများနှင့် ပြင်သစ်ဂျာနယ်လစ်များအဖွဲ့အစည်းက ဦးဆောင်ခဲ့သည်။ ယခုဆန္ဒပြသူများထဲတွင် Yellow Vest ဆန္ဒပြလှုပ်ရှားမှု၌ ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ပြီး ဈေးဆိုင်များ၏ ပြတင်းပေါက်များကို ရိုက်ချိုးဖျက်ဆီးခဲ့သူများ ပါဝင်ခဲ့ကြောင်း သိရသည်။

















