အီရန်သိပ္ပံပညာရှင်အား လုပ်ကြံမှုအတွက် သဲလွန်စမတွေ့ရကြောင်း အစ္စရေးအစိုးရအဖွဲ့ဝန်ကြီး ဆို

အီရန်သိပ္ပံပညာရှင်အား လုပ်ကြံမှုအတွက် သဲလွန်စမတွေ့ရကြောင်း အစ္စရေးအစိုးရအဖွဲ့ဝန်ကြီး ဆို

ဂျေရူဆလင် နိုဝင်ဘာ ၂၉ - အီရန်နျူကလီးယားသိပ္ပံပညာရှင်အား လုပ်ကြံသတ်ဖြတ်မှု၌ သဲလွန်စမတွေ့ရသေးကြောင်း အစ္စရေးအစိုးရအဖွဲ့ဝန်ကြီး ဇာ့ချီဟန်နီဘီက နိုဝင်ဘာ ၂၈ ရက်၌ တုံ့ပြန်ပြောကြားလိုက်သည်။ 

အီရန်နိုင်ငံ နာမည်ကျော်သိပ္ပံပညာရှင် မိုဆန်ဖာဂရီဇာဒက်အား လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တစ်ခုက နိုဝင်ဘာ ၂၇ ရက်၌ လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ယင်းလုပ်ကြံမှု၌ အစ္စရေးဘက်မှ ပါဝင်ပတ်သက်မှုရှိနိုင်ကြောင်း အီရန်က အတိအလင်းစွပ်စွဲထားသည်။

‘‘ဘယ်သူလုပ်တယ်ဆိုတဲ့ သဲလွန်စမျိုး ကျွန်တော် မတွေ့ရသေးပါဘူး။ ဘယ်သူဘယ်ဝါဆိုတဲ့ သဲလွန်စမျိုး ကျွန်တော် တကယ်ကိုမတွေ့ရတာပါ။ ကျွန်တော့်မှာတာဝန်ရှိလို့ လျှို့ဝှက်ချက်ကို ထုတ်မပြောတာမဟုတ်ပါဘူး။ ကျွန်တော် တကယ်ကို သဲလွန်စမတွေ့ရတာပါ’’ ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ ယုံကြည်အားထားရသူဝန်ကြီး ဇာ့ချီဟန်နီဘီက အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။

အီရန်၏ လက်ရှိအဓိက ဦးစားပေးလုပ်ငန်းစဉ်မှာ ၎င်းတို့၏ သိပ္ပံပညာရှင်အား လုပ်ကြံသတ်ဖြတ်ခဲ့သူများနှင့် ခိုင်းစေခဲ့သူများကို ထိရောက်စွာ အပြစ်ပေးရန်သာဖြစ်ကြောင်း အီရန်ဘာသာရေးခေါင်းဆောင် အာယာတိုလာအလီခါမေနီက နိုဝင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။

အီရန်ရှိ နျူကလီးယားလက်နက်စီမံကိန်းများကို ဦးဆောင်နေသော သိပ္ပံပညာရှင်များသည် အစ္စရေးထောက်လှမ်းရေးအဖွဲ့၏ အဓိကပစ်မှတ်များဖြစ်ပြီး ယင်းတို့အထဲတွင် ယခုလုပ်ကြံသတ်ဖြတ်ခံလိုက်ရသော မိုဆန်ဖာဂရီဇာဒက်မှာ အဓိကပစ်မှတ်ဖြစ်ခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြခဲ့သည်။