ဂျနီဗာ နိုဝင်ဘာ ၂၉ - အီရန်၏ နာမည်ကျော်သိပ္ပံပညာရှင် မိုဆန်ဖာဂရီဇာဒက်အား လုပ်ကြံသတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး အရှေ့အလယ်ပိုင်းဒေသတွင် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်နှင့် တင်းမာမှုများအား ရှောင်ကြဉ်ကြရန် ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၈ ရက်၌ တိုက်တွန်းခဲ့သည်။
‘‘အီရန်ရဲ့ ထင်ရှားကျော်ကြားတဲ့ သိပ္ပံပညာရှင်တစ်ဦးဟာ တီဟီရန်မြို့အနီးနားမှာ လုပ်ကြံခံလိုက်ရတယ်လို့ ကျွန်တော်တို့ သတင်းကြားသိရပါတယ်။ ဒေသတွင်းတင်းမာမှုတွေ မြင့်တက်လာစေနိုင်တဲ့ အပြုအမူတွေ ရှောင်ရှားကြဖို့နဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းလိုပါတယ်’’ ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်နီယိုဂူတာရက်ဇ်၏ ပြောရေးဆိုခွင့်ရှိသူ-၂ ဖြစ်သည့် ဖာဟန်ဟက်က နိုဝင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။
၎င်းတို့၏ အထင်ကရ ပညာရှင်တစ်ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့သူများအပေါ် လက်တုံ့ပြန်မည်ဖြစ်ကြောင်း အီရန်ခေါင်းဆောင်ပိုင်းက ထုတ်ပြောလိုက်ပြီဖြစ်ခြင်းကြောင့် အရှေ့အလယ်ပိုင်းဒေသတွင်း၌ တင်းမာမှုများ မြင့်တက်လာမှုကို ရှောင်ရှားနိုင်ရန်အတွက် ကုလသမဂ္ဂက တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
ထို့အပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်နီယိုဂူတာရက်စ်နှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌ အင်ဂါရွန်ဒါကင်းတို့ထံသို့ ကုလသမဂ္ဂဆိုင်ရာ အီရန်အထူးသံတမန် မာဂျစ်တက်ခ်ရာဗန်ချီက ပေးပို့သော စာတစ်စောင်တွင်လည်း နျူကလီးယားပညာရှင်အား လုပ်ကြံသတ်ဖြတ်မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ရေးသားဖော်ပြခဲ့သည်။
ကုလသမဂ္ဂအနေဖြင့် အီရန်နျူကလီးယားပညာရှင်အား လုပ်ကြံသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး ပြင်းထန်စွာရှုတ်ချပေးရန်လည်း တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

















