၂၀၂၀ ပြည်နစ် ပါတီစုံရွေးကောက်ပွဲ၌ နိုင်ငံ့တာဝန်အဖြစ် ပညာရေးဌာနမှ ဆရာဆရာများက မဲရုံအသီးသီးတွင် တာဝန်ယူဆောင်ရွက်ခဲ့ကြရာ မမှန်မကန်တရားစွဲဆိုခြင်းများပြုလုပ်လာခြင်းအပေါ် မိတ်ဖက်ညီနောင်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ ဆရာ/ဆရာမများအဖွဲ့ချုပ်က တန်ပြန်တရားစွဲဆိုသွားမည်ဟု ထုတ်ပြန်လိုက်သည်။
မဲရုံတာဝန်ယူခဲ့သော ဆရာဆရာမများအား နိုင်ငံရေးပါတီအချို့က တရားစွဲဆိုမှုများ ပြုလုပ်သည်ကို သတင်းမီဒီယာများမှ လည်းကောင်း၊ ကာယကံရှင်က တိုက်ရိုက်အသိပေးလာ၍ လည်းကောင်း သိရှိရသဖြင့် နိုဝင်ဘာ ၂၉ ရက်နေ့စွဲဖြင့် အထက်ပါတိုင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
“ခု တရားစွဲဆိုခံရတဲ့ ဆရာမတစ်ဦးက ကျွန်တော်တို့အဖွဲ့နဲ့ ချိတ်ဆက်မိတယ်။ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ အခြေခံပညာ ပညာရေး လုပ်သားများသမဂ္ဂများ ဗဟိုအလုပ်မှုဆောင်ကော်မတီကိုလည်း အကူညီတောင်းလာသူတွေလည်းရှိတယ် လို့သိရတော့ ဥပဒေပိုင်းဆိုင်ရာအကူအညီတွေပေးသွားမယ်”ဟု မြင်္နမာနိုင်ငံဆရာ/ဆရာမများ အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးလှိုင်က ပြောသည်။
ကြေညာချက်အပိုဒ်(၅)တွင် အဖွဲ့ချုပ်အနေဖြင့် ကိုဗစ်ရောဂါ ကူးစက်ခံနေရသော ဆရာ/ဆရာမများအား ကူညီ ဂုဏ်ပြုမှုများ လုပ်ဆောင်နေသကဲ့သို့ တရားစွဲဆိုခံရသော ဆရာ/ဆရာမများအတွက် ဥပဒေပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးကာ ဝန်းရံကူညီမည်ဖြစ်သည့်အပြင် မမှန်မကန် စွပ်စွဲတရားစွဲဆိုမှုများအပေါ် တန်ပြန် တရားစွဲဆိုသွားနိုင်ရန် မိတ်ဖက်ညီနောင်အဖွဲများနှင့် ပူးပေါင်းကူညီ သွားမည်ဖြစ်ကြောင်း ပါရှိသည်။
၎င်းကဆက်လက်၍ “ရွေးကောက်ပွဲမှာ ဆရာ/ဆရာမတွေက နိုင်ငံ့တာဝန်တစ်ခုအနေနဲ့ မညည်းမညူတာဝန် ကျေ ခဲ့ကြတယ်။ ကိုဗစ်ပိုးကူး စက်ခံရတာ ၅၀ ကျော်လောက်ရှိပြီး ၂ ဦးသေဆုံးခဲ့တယ်။ အဲဒီအတွက် ကျွန်တော်တို့ တတ်နိုင်သမျှကူညီ ထောက်ပံ့တာတွေ လုပ်နေသလို သက်ဆိုင်ရာကလည်း ဆရာ/ဆရာမတွေအတွက် လိုအပ်တဲ့ အားပေးကူညီမှုတွေ လုပ်ပေး သင့်တယ်”ဟု သုံးသပ်ပြောဆိုခဲ့သည်။







