လာမည့်နှစ်တွင် မလေးရှားနိုင်ငံသား ၃၀ ရာခိုင်နှုန်း ကာကွယ်ဆေးရရှိမည်

လာမည့်နှစ်တွင် မလေးရှားနိုင်ငံသား ၃၀ ရာခိုင်နှုန်း ကာကွယ်ဆေးရရှိမည်

ကွာလာလမ်ပူ နိုဝင်ဘာ ၂၉ - မလေးရှားနိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းသည် လာမည့် ၂၀၂၁ ခုနှစ် ပထမလေးလပတ်အတွင်း COVID-19 ကာကွယ်ဆေးထိုးနှံခွင့် ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မူယစ်ဒင်ယက်ဆင်က နိုဝင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။

ကာကွယ်ဆေးရရှိရန်အတွက် သဘောတူညီမှုနှစ်ရပ် ရရှိထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်ကဆိုသည်။ နိုဝင်ဘာ ၂၇ ရက်တွင် အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နှင့် သဘောတူညီချက်အရ လာမည့်နှစ်တွင် ကာကွယ်ဆေးများရရှိမည်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဦးဆောင်နေသော COVAX အစီအစဉ်အရ ခွဲတမ်းအဖြစ် နိုင်ငံလူဦးရေ ၁၀ ရာခိုင်နှုန်းအတွက် လုံလောက်သောအရေအတွက်ကို လက်ခံရရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုသွားခဲ့သည်။

ယင်းကဲ့သို့ ကာကွယ်ဆေးများ ရရှိလာခြင်းနှင့်အတူ မလေးရှားနိုင်ငံ သည် COVID-19 ကူးစက်မှုကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ဝန်ကြီးချုပ်က ပြည်သူသို့ပြောဆိုသော မိန့်ခွန်းတစ်ရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် စီးပွားရေးပြန်လည်ခေါင်းထောင်လာစေရေးနှင့် COVID-19 ကပ်ရောဂါအား တိုက်ဖျက်ရန်အတွက် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်ပင်အရေးပါကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတွင်း၌လည်း ကာကွယ်ဆေး ညီတူညီမျှခွဲဝေသုံးစွဲနိုင်ရန်မှာလည်း အရေးပါကြောင်း ပြောကြားသွားခဲ့သည်။

အောင်စိုးသူ(LPN) ဘာသာပြန်သည်။