အိမ်တွင် ငွေများစုပြုံထားနေရကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ် ဆို

အိမ်တွင် ငွေများစုပြုံထားနေရကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ် ဆို

ဟောင်ကောင် နိုဝင်ဘာ ၂၉ - အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများကြောင့် ၎င်းတွင် ဘဏ်စာရင်းမရှိတော့သည့်အတွက် နေအိမ်တွင် ငွေသားစက္ကူများကို အများအပြားစုပြုံထားရှိနေရကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ပြောကြားခဲ့သည်။ 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့တော် ဟောင်ကောင်အပေါ် လွန်ခဲ့သည့် ဇွန်လနှောင်းပိုင်း၌ တရုတ်အစိုးရ၏ အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းမှုအား လက်ခံခဲ့ခြင်းကြောင့် ကာရီလမ်အပါအဝင် ဟောင်ကောင်နှင့် တရုတ်အစိုးရအရာရှိ ၁၄ ဦးတို့ကို အမေရိကန်က အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

ယင်းအရေးယူပိတ်ဆို့မှုနှင့် အကျုံးဝင်သူများအားလုံး အမေရိကန်ပြည်ထောင်စုရှိ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ခွင့်မရှိသလို ငွေလွှဲငွေယူကိစ္စများလည်း ဆောင်ရွက်၍မရတော့ကြောင်း သိရသည်။ ထို့ကြောင့် ၎င်း အနေဖြင့် နေ့စဉ်သုံးစွဲနေရသည့် ငွေကြေးဆိုင်ရာကိစ္စအားလုံးကို ငွေသားစက္ကူဖြင့်သာ ပေးချေနေရကြောင်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

‘‘သင့်ရဲ့ရှေ့မှာ ထိုင်နေတာက ဘဏ်ဝန်ဆောင်မှုတွေ လုံးဝခွင့်မပြုတော့တဲ့ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသကြီးရဲ့ အကြီးအကဲပဲဖြစ်ပါတယ်။ အိမ်မှာ ပိုက်ဆံတွေကို အများကြီးစုပြုံထားရတယ်။ ကျွန်မရဲ့ လစာ အတွက် အစိုးရက ငွေသားနဲ့ပဲပေးချေပါတယ်’’ ဟု ကာရီလမ်က ပြောကြားခဲ့သည်။

ကာရီလမ်သည် တစ်နှစ်လျှင် လစာငွေ အမေရိကန်ဒေါ်လာ ၆၇၂၀၀၀ ရရှိနေသူဖြစ်ပြီး ကမ္ဘာပေါ်တွင် တစ်နှစ်လုပ်ခလစာအများဆုံး ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း သိရသည်။