လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် သပိတ်စခန်းဖွင့်ကာ တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့သူများအား ရဲတပ်ဖွဲ့က မီးလောင်ဗုံး အသုံးပြုကာဖြိုခွင်းခဲ့သည့် ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား နိုဝင်ဘာ ၂၉ ရက်ကပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားအား ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် နိုဝင်ဘာ ၂၉ ရက် ညနေပိုင်း၌ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အဆိုပါဖြစ်စဉ်၌ပါဝင်သောသံဃာတော်များအပါအဝင် နိုင်ငံရေးတတ်ကြွလှုပ်ရှားသူအချို့လည်း ပါဝင်ခဲ့သည်။
၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်ကစစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ဖျက်သိမ်းပေးရေးအတွက်ထိုင်သပိတ်စခန်းခြောက်ခုဖွင့်လှစ်ခဲ့ရာက သပိတ်စခန်းသုံးခုအား ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နင်းခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်ကြောင့် သံဃာတော်အပါး ၂ဝအပြင်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မုံရွာခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်။ ဒဏ်ရာရရှိခဲ့သူအများစုမှာ မီးလောင်ဒဏ်ရာများရရှိခဲ့ပြီးထိုဖြစ်စဉ်သည် ရဲတပ်ဖွဲ့ဝင်များ၏ မီးလောင်ဗုံးအသုံးပြုကာ အင်အားသုံးလူစုခွဲခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုခဲ့ကြသည်။
ထိုကဲ့သို့ ထိုင်သပိတ်ဖွင့်ကာ ဆန္ဒထုတ်ဖော်မှုအား အကြမ်းဖက်ဖြိုခွင်းခြင်းဖြစ်သည်ဟုဆိုကာ ဝေဖန်များထွက်ပေါ်ခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ထိုအချိန်က တာဝန်ယူခဲ့သည့် အစိုးရအဖွဲ့ကဖွဲ့စည်းခဲ့သည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့သည်မှာ ရှစ်နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ထိုအချိန်က အကြမ်းဖက်ဖြိုခွင်းမှုတွင် တာဝန်ရှိသူများက ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များအား ဝန်ချတောင်းပန်ခြင်းမရှိသေးခြင်းကြောင့်အောက်မေ့ဖွယ်အခမ်းအနားကို နှစ်စဉ်ကျင်းပနေခြင်းဖြစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းရာတွင် ဒဏ်ရာရရှိခဲ့သည့် ဆရာတော်ဦးဝဏ္ဏသိဒ္ဓိက မိန့်ကြားခဲ့သည်။
















