ထိုင်းနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် သရက်ကင်းများ မြန်မာနိုင်ငံသို့တင်ပို့

ထိုင်းနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် သရက်ကင်းများ မြန်မာနိုင်ငံသို့တင်ပို့

ထိုင်းနိုင်ငံမှစိုက်ပျိုးထုတ်လုပ်သည့် သရက်ကင်းများအား မဲဆောက်မြဝတီနယ်စပ်အမှတ်(၂) တံတားကြီးမှတစ်ဆင့် မြန်မာနိုင်ငံသို့ တင်ပို့မှုများစတင်နေပြီဖြစ်ကြောင်း သိရသည်။

''သရက်သီးကအောက်တိုဘာလကစပြီး ထိုင်းဘက်မှာ သရက်ကင်းအဖြစ်ထွက်ရှိပြီး ပြည်တွင်းကိုဝင်ရောက်လာခဲ့တယ်။ သရက်ကင်းက မဲဆောက်မှာတစ်ကီလိုကို ၁၈ ဘတ်ဝယ်ရတယ်။ လာမယ့် ဖေဖော်ဝါရီလဆိုရင် သရက်ကင်းဝင်ရောက်မှုရပ်သွားပြီ။ အခု သရက်သီးအလုံးကြီးတွေ ဝင်ရောက်နေပြီ။သရက်သီးအလုံးကြီးက တစ်ကီလိုကို ခြောက်ဘတ်ဝယ်ရတယ်။ သရက်သီးအလုံးကြီးတွေကို အခုနိုဝင်ဘာလမှာစပြီး ဝယ်ယူတင်သွင်းနေပါတယ်။အမှတ်(၂)တံတားပေါ်က တရားဝင်တင်သွင်းတာဖြစ်ပြီး နေပြည်တော်၊ ရန်ကုန်၊မန္တလေးနဲ့ မြန်မာပြည်အနှံ့မြို့ကြီးတွေကို ပို့ဆောင်ပေးပါတယ်။ တစ်နေ့ကိုကျပ်သိန်း ၅ဝ ဖိုးလောက်အထိ ပို့ဆောင်ပေးနေရပါတယ်'' ဟု သီးနှံများအားရာသီအလိုက် ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ဝယ်ယူတင်သွင်းနေသည့် လုပ်ငန်းရှင်ဦးကံထွန်းက ပြောသည်။

မြန်မာပြည်တွင် ယခုအချိန်၌ သရက်သီးမှာ အကင်းအဖြစ်မထွက်သေးခင်ထိုင်းတွင်စိုက်ပျိုးမှုနည်းစနစ်များ ခေတ်မီမှုကြောင့် သရက်ကင်း၊ သရက်သီးစိမ်းများထွက်ရှိနေပြီး သရက်သီးအစိမ်းများမှာ ပြည်တွင်းသို့ များစွာတင်ပို့နေကြောင်း သိရသည်။

''သရက်သီးစိမ်းက ပြည်တွင်းမှာအသုံးများတယ်။ အဓိက က သရက်ချဉ်လုပ်ပြီး သရက်ချဉ်သုတ်အဖြစ် အလှူပွဲတွေမှာအသုံးများကြတယ်။ ပြီးတော့သရက်ချဉ်ပေါင်းလုပ်ပြီး နိုင်ငံအနှံ့ဈေးသည်တွေကရောင်းကြတယ်။ ကိုယ့်နိုင်ငံမှာက သရက်ပင်တွေက အဖူးတောင်မဖူးသေးဘူး။ ထိုင်းမှာက သရက်ကင်းရော သရက်သီးစိမ်းတွေထွက်နေတာမို့ ဘယ်လိုစိုက်ကြလဲတော့မသိဘူး''ဟုဒေသခံတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် သရက်ကင်းနှင့်သရက်သီးစိမ်းများအား ယခုအချိန်ထွက်ရှိနေပြီဖြစ်ကြောင်း မြဝတီဒေသခံများသာသိကြပြီး မြဝတီလာရောက်သည့်ဧည့်သည်များ မကြုံတွေ့ဖူးကြပေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး