COVID-19 ကူးစက်မှုမြင့်မားလာခြင်းကြောင့် တောင်ကိုရီးယားတွင် စားသောက်ဆိုင်များ ပိတ်သိမ်း

COVID-19 ကူးစက်မှုမြင့်မားလာခြင်းကြောင့် တောင်ကိုရီးယားတွင် စားသောက်ဆိုင်များ ပိတ်သိမ်း

တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ကူးစက်မှုနှုန်း ပြန်လည်မြင့်မား လာခဲ့ပြီးနောက် တေးဂီတသင်တန်းကျောင်းများ၊ ချွေးထုတ်ခန်းများ၊ ကဖေး များနှင့် စားသောက်ဆိုင်များကို ပိတ်သိမ်းရန် သက်ဆိုင်ရာအာဏာပိုင်များ က နိုဝင်ဘာ ၃၀ ရက်၌ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

တောင်ကိုရီးယားသည် COVID-19 ကူးစက်မှုကို အောင်မြင်စွာ ထိန်း ချုပ်နိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ကူးစက်သူသစ် ၅၀၀ နှင့်အထက် သုံးရက်ဆက်တိုက်ရှိခဲ့ပြီးနောက် နိုဝင်ဘာ ၃၀ ရက်တွင် ကူး စက်သူသစ် ၄၅၀ ရှိခဲ့သည်။

ထို့ကြောင့် တတိယလှိုင်း ကူးစက်မှုမှာ ပိုမိုမြန် ဆန်လာဖွယ်ရှိနေပြီဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

ကန့်သတ်ပိတ်ပင်ချက်များကို တင်းကျပ်စွာ ချမှတ်သွားမည်ဖြစ် ကြောင်း ဝန်ကြီးချုပ် ချန်ဆဲကျွမ်က ပြောကြားခဲ့ပြီး အထူးသဖြင့် ဆိုးလ်မြို့ တော်နှင့် အနီးဝန်းကျင်ရှိ မြို့ပြနေရာများတွင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် လူစုလူဝေးဖြင့် ဆောင်ရွက်သည့် ပွဲတော်များ၊ အခမ်းအနား များကိုလည်း ကန့်သတ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ပြီး နောက် ၉ လအကြာတွင် တတိယလှိုင်းကို ရင်ဆိုင်နေရခြင်းဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်အထိ ကူးစက်သူ ၃၄၂၀၁ ဦးရှိပြီဖြစ်ကာ သေဆုံးသူ ၅၂၆ ဦးရှိပြီ ဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ စာရင်းအင်းများအရ သိရသည်။