ထိုင်းစစ်တပ်အပေါ် ဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်း၏ သြဇာ သက်ရောက်နေမှုများအား ဆန့်ကျင်လိုခြင်းကြောင့် ထောင်နှင့်ချီသော အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများသည် နိုဝင်ဘာ ၂၉ ရက်၌ ဘုရင့်နန်းတော် ရှေ့သို့ စုဝေးရောက်ရှိကာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများသည် ဆန္ဒပြမှု သင်္ကေတဖြစ်သော အဝါရောင်ဘဲရုပ်ပူဖောင်းများကို ကိုင်ဆောင်လာခဲ့ကြပြီး ဘုရင့် နန်းတော်ဝင်ပေါက်အမှတ် ၁၁ ရှေ့ရှိ သံဆူးကြိုးအကာအရံများရှေ့၌ စုဝေး ဆန္ဒပြခဲ့ကြသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို ဝင်ပေါက် အရှေ့တွင် တားဆီးခဲ့ကြသည်။
ထိုင်းနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင်စနစ်အား ဝေဖန်ပြောဆိုခွင့်မရှိကြောင်း သိရသည်။
သို့သော် စစ်တပ်အား ဘုရင်က ထိန်းချုပ်နိုင်စွမ်းရှိသည့် ဒီမိုကရေစီနိုင်ငံမျိုး မမြင်ဖူးကြောင်း အစိုးရဆန့်ကျင် ရေးလှုပ်ရှားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သူ အာနွန်နမ်ပါက ပြောကြား သည်။
‘’ဘုရင်တစ်ပါးကနေပြီး စစ်တပ်ကို ထိန်းချုပ်ကွပ်ကဲနိုင်တဲ့ ဒီမိုကရေစီ နိုင်ငံမျိုး ကျွန်တော် မမြင်ဖူးပါဘူး။ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ဘုရင်မင်းမြတ် ဟာ နိုင်ငံရဲ့ အကြီးအကဲဖြစ်ပါတယ်။ စစ်တပ်က အစိုးရကိုသာ တာဝန်ခံရ ပါတယ်။ ဘုရင်စနစ်က သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ချဲ့ကားဆောင်ရွက်နေ တာ ကျွန်တော်တို့မြင်နေရတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီကို ရောက်လာ တာဖြစ်ပါတယ်’’ ဟု အာနွန်နမ်ပါက ပြောကြားခဲ့သည်။

















