ချင်းပြည်နယ်အတွင်းစိုက်ပျိုးလျှက်ရှိသည့် စားတော်ပဲများ အထွက်နှုန်းကောင်းသဖြင့် တောင်သူများအနေဖြင့်အဆင်ပြေလျက်ရှိကြောင်း ဖလမ်းမြို့နယ် ပါရ်သဲရွာ စားတော်ပဲလုံးသီး စိုက်ခင်းပိုင်ရှင် ကိုကပ်ထန်က ပြောသည်။
''မီးဖိုချောင်သီးနှံလို့ ပြောရမယ့်အသီးအနှံမျိုးစုံကို ကျွန်တော်တို့ ဖလမ်းမြို့နယ်အတွင်းမှာ အများဆုံးစိုက်ပျိုးပါတယ်၊ ထွက်ရှိသမျှ အသီးအနှံအားလုံးကလေးမြို့ တာဟန်းကုန်စိမ်းပွဲရုံကိုတင်ပို့ရောင်းချပါတယ်။ ဒီဖက်မှာတော့ရာသီအလိုက် စိုက်ပျိုးမှုရှိနေပြီးစားတော်ပဲသီးနှံကိုတော့ ပြီးခဲ့တဲ့သုံးလေးနှစ်က စတင်စိုက်ပျိုးတာဖြစ်ပါတယ်၊ စားတော်ပဲသီးနှံက အညွန့်အရွက်၊အသီး နှစ်မျိုးလုံး အရောင်းအဝယ်ဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။
စားတော်ပဲသီးနှံမှာ လွန်ခဲ့သောအနှစ်သုံးဆယ်ကျော်ကာလက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဒေသနှင့် ရွှေဘိုဒေသတို့တွင် စိုက်ပျိုးမှုများပြားခဲ့ပြီးမြန်မာ-အိန္ဒိယနယ်စပ်မှတစ်ဆင့် အိန္ဒိယနယ်စပ်ပြည်နယ်များအထိ အရောင်းအဝယ်ဖြစ်ခဲ့သည်။ သဘာဝမြေနှင့်ရာသီဥတု၊ ဈေးကွက်ပြောင်းလဲမှုများအရကလေး၊ ရွှေဘိုဒေသတို့တွင် စားတော်ပဲစိုက်ပျိုးမှုနည်းပါးသွားပြီး စားတော်ပဲကို ချင်းပြည်နယ်နှင့် ချင်းတွင်းမြစ်ရိုးအထက်ပိုင်းတို့တွင် တိုးချဲ့စိုက်ပျိုးလာသည်။ ကလေးဒေသထွက် စားတော်ပဲမှာ အလုံးကြီးပြီး ရွှေဘိုစားတော်ပဲကအလုံးသေးသည်။ ယခု ချင်းတောင်ထွက်စားတော်ပဲမှာ ရွှေဘိုစားတော်ကဲ့သို့အလုံးသေးပြီး အရည်များသည်။
''ကလေးဈေးကွက်မှာ ရွှေဘိုစားတော်ပဲလည်းဝင်တယ် ၊ချင်းတွင်းအထက်ပိုင်း စားတော်ပဲလည်းဝင်တယ်၊ ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့အိန္ဒိယနိုင်ငံ ကသည်းပြည်နယ်ဖက်ကစားတော်ပဲတွေတောင် ကလေးဈေးကွက်ကို ရောက်လာတယ်၊ အခုနှစ်တော့ချင်းတောင်စားတော်ပဲက ပေါ်ဦးပေါ်ဖျားဝင်လာတာဖြစ်တော့ ဈေးကောင်းရနေတယ်၊ စားတော်ပဲနို့ဆီဗူးတစ်လုံကို(၁ဝဝဝ)ကျပ်နှင့် အရောင်းအဝယ်ဖြစ်တယ်၊ လက်လီကတော့(၁၂ဝဝ)ဝယ်စားရတယ်''ဟု ကလေးမြို့ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ထင်းရှူးကုန်စိမ်းပွဲရုံပိုင်ရှင် ဒေါ်လီလီကပြောသည်။
ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင်စားတော်ပဲကို လာသီးရွာ၊ လုံးဟော့ရွာ၊ဘွဲလ်ခွါးရွာ၊ ဖိုင်ဇောလ်ရွာ၊ လုမ်းဘမ်ရွာ၊ပါရ်သဲရွာတို့တွင် ဆောင်းသီးနှံအဖြစ်စိုက်ပျိုးမှုများပြားပြီး ယခုအခါ ချင်းပြည်နယ် စိုက်ပျိုးရေးြာနက ဈေးကွက်ဝင်စားတော်ပဲကို ချင်းပြည်နယ်အတွင်းတိုးချဲ့စိုက်ပျိုးနိုင်ရန် အားပေးကူညီလျက်ရှိကြောင်း သိရသည်။

















