ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း ပုံစံ၂၀ တင်ပြမှု ရန်ကုန်တိုင်း၌ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီး

ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း ပုံစံ၂၀ တင်ပြမှု ရန်ကုန်တိုင်း၌ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီး

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်များကြေညာအပြီး ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းများတင်ပြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားပြီး ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း ပုံစံ၂၀ တင်ပြမှု ရန်ကုန်တိုင်း၌ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးကြောင်း ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်မိုးကြည်က ပြောသည်။

အဆိုပါ ကုန်ကျစရိတ်စာရင်း ပုံစံ ၂၀ ကို ရွေးကောက်ပွဲ ရလဒ်များ ကြေညာပြီးသည့်ရက်မှ စ၍ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာမြို့နယ်ကော်မရှင်များသို့ ကိုယ်စားလှယ်များက လာရောက်တင်သွင်းရမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လာရောက်တင်သွင်းပြီးစီးသည့် ကိုယ်စားလှယ်ဦးရေ ရာခိုင်နှုန်းမှာ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့အထိ လာရောက်တင်သွင်းပြီးသူများစာရင်းတွင် ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင် ၊ တာမွေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရခဲ့သော သမ္မတဦးဝင်းမြင့် နှင့် တောင်ပိုင်းခရိုင် ကော့မှူး မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရခဲ့သော အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မပါဝင်သေးကြောင်း သိရသည်။

"ပုံစံ ၂၀ ကတော့ ရက်ပေါင်း ၃၀ အတွင်း ကော်မရှင်ကို လာတင်ပြရမှာပါ။ တကယ်လို့ မတင်ပြဘူးဆိုရင်တော့ ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်မှာဖြစ်ပြီး နောက်ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမှာ မဟုတ်ပါဘူး။ လက်ရှိအချိန်ထိ ရန်ကုန်မှာ လာတင်ပြီးသူပေါင်း ၅၀ ရာခိုင်နှုန်းရှိပါတယ်။ သမ္မတနဲ့ အတိုင်ပင်ခံတို့ကတော့ လာမတင်ရသေးပါဘူး"ဟု ဦးကျော်မိုးကြည်က ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်ပေါင်း ၈၀၁ ဦးရှိသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲရလဒ်များကို နိုဝင်ဘာ ၉ ရက်မှ ၁၃ ရက်နေ့အထိ ကြေညာပေးခဲ့ပြီးနောက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း ပုံစံ ၂၀ ကို တင်ပြရမည်ဖြစ်ခြင်းကြောင့် ဒီဇင်ဘာ ၁၃ ရက်နေ့ နောက်ဆုံးထားကာ တင်ပြကြရမည်ဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း သတ်မှတ်ရက်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းများ တင်သွင်းရန်အကြိမ်ကြိမ် နှိုးဆော် ပေးလျက်ရှိကြောင်း သိရသည်။