မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့နယ် ၁၀ မြို့နယ်၌ ရွေးကောက်ပွဲအလွန် လူထုသဘောထားစစ်တမ်း သုတေသနပြု ကောက်ယူမည်ဖြစ်ကြောင်း မန္တလေးအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်သော ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်းမှ သုတေသနဌာနမှူး ဦးပြည့်စုံအောင်က ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ရမည်းသင်း၊ ပြင်ဦးလွင်၊ စဉ့်ကူး၊ ညောင်ဦး၊ နွားထိုးကြီး၊ မိတ္ထီလာ၊ မလှိုင်၊ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်နှင့် မြစ်သားမြို့နယ်တို့၌ လာမည့်ဒီဇင်ဘာလအတွင်း လုပ်ဆောင်သွားမည် ဖြစ်သည်။
"ပြည်သူလူထုရဲ့ ရွေးကောက်ပွဲအပေါ် သဘောထားအမြင်တွေ၊ ပြီးတော့ သူတို့ရဲ့ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ အပြုအမူ၊ အတွေးအမြင်တွေကို ကျွန်တော်တို့ လေ့လာဖော်ထုတ်ဖို့၊ ပြီးတော့ တက်လာမယ့် အစိုးရ၊ လွှတ်တော်တွေအပေါ် ဘယ်လိုမျှော်လင့်ချက်တွေရှိလဲ ဆိုတာကို ဖော်ထုတ်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။ မန္တလေးတိုင်း အတွင်းမှာပဲ မြို့နယ်ရွေးချယ်ပြီး တစ်မြို့နယ်ကို အယောက် ၄၀ နှုန်းနဲ့ စုစုပေါင်း အယောက် ၄၀၀ ကို စစ်တမ်းကောက်မှာပါ။ မြို့နယ် ၁၀ မြို့နယ်ပေါ့။ သုတေသအတွက် ရွေးချယ်လုပ်ဆောင်တဲ့နေရာမှာ နည်းစနစ် ရှိပါတယ်။ ဘယ်မြို့နယ်က နီးလို့ ဝေးလို့ စသဖြင့်မဟုတ်ဘဲ လူဦးရေအချိုးအဆနဲ့ ရွေးချယ်တဲ့ပုံစံနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်"ဟု ဦးပြည့်စုံအောင်က ပြောသည်။
စစ်တမ်းကို ဒီဇင်ဘာလ ၁၂ မှစတင်ကာ နှစ်ပတ်ကြာ လုပ်ဆောင်သွားမည်ဖြစ်ကာ၊ တစ်မြို့နယ်လျှင် သတ်မှတ်ထားသော ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၅ ခုတွင် ကောက်ယူသွားမည်ဖြစ်သည်။ လက်ရှိတွင် ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်းမှ စစ်တမ်းကောက်ယူသူများကို ခန့်အပ်ရန် လျှောက်လွှာခေါ်ယူနေကာ စစ်တမ်းကောက်ယူသူများအတွက် ကြိုတင်ပြင်ဆင်မှုသင်တန်းကို ပို့ချပေးသွားမည်ဖြစ်သည်။
ဇန်နဝါရီလလယ်တွင် ကနဦးစစ်တမ်းတွေ့ရှိချက်များကို ထုတ်ပြန်ပြီး ဖေဖော်ဝါရီလတွင် အပြီးသတ်အစီရင်ခံစာ ထုတ်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ ပထမဆုံး စစ်တမ်းတွေ့ရှိချက်တွေကို အများပြည်သူသိရှိရန် ထုတ်ပြန်ခြင်း၊ လွှတ်တော်ကဏ္ဍများနှင့် သက်ဆိုင်သည်များကို လွှတ်တော်ကဏ္ဍတွင် ဆွေးနွေးရန်၊ အစိုးရ၊ စည်ပင်ကဏ္ဍနှင့် သက်ဆိုင်သည်များ၊ ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်သည်များ စသည့် ကဏ္ဍအလိုက် အချက်အလက်များအပေါ် အများပြည်သူသိရှိရန်၊ သက်ဆိုင်ရာ ဖော်ဆောင်ရမည့် နေရာများတွင် ပြန်ထည့်သွင်း စဉ်းစားနိုင်ရန်အတွက် အတတ်နိုင်ဆုံး တင်ပြရန် စီစဉ်ထားကြောင်း ပြောသည်။
"၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ ရွေးကောက်ပွဲအသိပညာပေးလုပ်ငန်းပဲ ဆောင်ရွက်ခဲ့တာပါ။ ဒီ ၂၀၂၀ ရွေးကောက်ပွဲကျမှ ရွေးကောက်ပွဲအလွန် လူထုသဘောထားစစ်တမ်းကို ကျွန်တော်တို့ စလုပ်ဖြစ်တာပါ။ ယုံကြည်ရာအသင်းက မန္တလေးတိုင်းအတွင်းမှာပဲ ဆောင်ရွက်ပြီး နောက်ထပ် ကွန်ရက်ပုံစံနဲ့ ချိတ်ဆက်ထား ပါတယ်။ ကချင်ပြည်နယ်၊ ရန်ကုန်မှာ တခြားအဖွဲ့က ဒီပုံစံအတိုင်း ကောက်ဖို့ရှိပါတယ်။ ကွန်ရက်ပုံစံနဲ့ ချိတ်ဆက်သွားတာဖြစ်တဲ့အတွက် အချက်အလက်ဖလှယ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ပြီး မတူတဲ့နေရာသုံးခုက ရလဒ်တွေလည်း သိရှိနိုင်ပါမယ်။ ပြီးတော့ နှိုင်းယှဉ်ရလဒ်တွေ၊ မတူညီတဲ့ အတွေးအမြင်တွေကိုလည်း ဒီကနေ ဖော်ထုတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီ အချက်အလက်တွေအပေါ် အခြေခံပြီး အကောင်အထည်ဖော်ရာမှာ ထည့်သွင်းစဉ်းစားမယ်ဆိုရင် အများကြီးအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်"ဟု ဦးပြည့်စုံအောင်က ပြောသည်။







