ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော် အားလပ်ရက်မှ ခရီးသွားပြီးနောက် ပြန်လာကြသည့် အမေရိကန်ပြည်သူများအနေဖြင့် COVID-19 ကူးစက်မှု နှုန်း မြင့်တက်လာနိုင်ခြင်းအတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း အမေရိ ကန် ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ အန်ထော်နီ ဖောက်ချီက နိုဝင်ဘာ ၂၉ ရက်၌ သတိပေးပြောဆိုခဲ့သည်။
သမ္မတဒေါ်နယ်ထရမ့်၏ စီမံခန့်ခွဲမှု အလွဲများကြောင့် အမေရိကန်နိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ဝန်ပိလာနေပြီး သေဆုံးသူ ၂၆၆၈၃၁ ဦး အထိ ရှိလာပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ စာရင်းအင်းများအရ သိရသည်။
‘’ခရီးအသွားအလာတွေ ရှိထားတာကြောင့် တရိပ်ရိပ်နဲ့ မြင့်တက်လာ ဦးမယ်ဆိုတာ သေချာလုနီးပါးဖြစ်နေပါတယ်။ တိုးသထက် တိုးလာတာ လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ လူတွေကို ခြောက်လှန့်ပြောဆိုချင်တာမျိုး မရှိပါဘူး။ ဒါပေမဲ့ ဒါက တကယ်ဖြစ်နေတာပါ’’ ဟု ဒေါက်တာဖောက်ချီက ပြောကြားခဲ့သည်။
ထို့အပြင် လာမည့် ခရစ္စမတ်ကာလတွင်လည်း မိသားစုများ၊ ဆွေမျိုး များ ပြန်လည်ဆုံစည်းကြရန်အတွက် ခရီးသွားလာမှုများ ရှိဦးမည်ဖြစ်ရာ COVID-19 ကူးစက်မှုမှာ လျော့ကျဖွယ်မရှိဘဲ မြင့်မားမှုသာရှိမည်ဖြစ် ကြောင်း အစိုးရသိပ္ပံပညာရှင်များက သုံးသပ်နေကြသည်။
COVID-19 တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအတွက် ဦးစားပေးလုပ် ဆောင်မည်ဟု ကြွေးကြော်ထားသော ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က လည်း ၎င်းအနေဖြင့် လက်ရှိအစိုးရထံမှ လိုအပ်သည့် အကူအညီများကို အပြည့်အ၀ မရရှိသေးကြောင်းနှင့် ထောက်ပံ့ကူညီရေးဆောင်ရွက်ချက်များ ပိုမိုလိုအပ်နေကြောင်း ပြောဆိုထားသည်။

















