အီရန်နှင့်အရှေ့အလယ်ပိုင်းဒေသအခြေအနေအပေါ် စိုးရိမ်မိကြောင်း ဗြိတိန်ဆို

အီရန်နှင့်အရှေ့အလယ်ပိုင်းဒေသအခြေအနေအပေါ် စိုးရိမ်မိကြောင်း ဗြိတိန်ဆို

နျူကလီးယားထိပ်တန်းသိပ္ပံပညာရှင်တစ်ဦးအား လုပ်ကြံသတ်ဖြတ် လိုက်သည့် အရေးနှင့်ပတ်သက်၍ အီရန်နှင့် အရှေ့အလယ်ပိုင်းဒေသတို့ရှိ အခြေအနေများအပေါ် စိုးရိမ်မိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ် ရက်ဘ်က နိုဝင်ဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။ 

‘’အီရန်နဲ့ အရှေ့အလယ်ပိုင်းဒေသအခြေနေအပေါ် ကျွန်တော်တို့ စိုးရိမ်နေပြီး တင်းမာမှုတွေ မြင့်တက်လာတာမျိုးကို ကျွန်တော်တို့ မမြင်လိုပါ ဘူး။ အီရန်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီး အချက်အလက်အပြည့်အစုံကို သိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ စောင့်ဆိုင်း နေဆဲပါ။ ဒါပေမဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားသတ်ဖြတ်ခြင်းကို ဆန့်ကျင်တဲ့ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအပေါ် ကျွန်တော်တို့ အပြည့်အ၀ လေးစားလိုက်နာမှုရှိတယ်ဆိုတာ သိစေချင် ပါတယ်’’ ဟု ဒေါမနစ် ရက်ဘ်က ပြောကြားခဲ့သည်။

၎င်းတို့၏ ထိပ်တန်းသိပ္ပံပညာရှင် မိုဆန်ဖာဂရီဇာဒက်အား လုပ်ကြံ သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး အီရန်က အစ္စရေးအပေါ် စွပ်စွဲပြောဆိုမှုများရှိ ထားသည်။ ထို့အပြင် အီရန်အနေဖြင့် ယခုကိစ္စနှင့်ပတ်သက်ပြီး မဖြစ်မနေ လက်တုံ့ပြန်မည်ဖြစ်ကြောင်း ခေါင်းဆောင်ပိုင်းက ပြောကြားခဲ့သည်။

သို့သော် အီရန်အနေဖြင့် ရန်သူများဆင်ထားသည့် ထောင်ချောက်အ တွင်းသို့ အလျင်စလို ဝင်ရောက်သွားမည်မဟုတ်ဘဲ သင့်တော်သောအချိန် နှင့် သင့်တော်သော အခြေအနေတွင် ထိရောက်စွာ လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်း အီရန်က ထုတ်ပြန်ထားသည်။