ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသကျိုင်းလပ်မြို့တွင်တရားမဝင်ခိုးဝင်လာသော တရုတ်နိုင်ငံသား ၁၂ ဦးအား နိုဝင်ဘာ ၂၉ ရက်နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရတခမရ (၅၇၂)၊ စစ်ကြောင်း (၁)မှ ဗိုလ်ကြီးအောင်ဇင်ဖြိုးဦးစီးသောအဖွဲ့၊ ဦးကျကူနီပြည်သူ့စစ်နှင့် နမ့်မွေတံတားလုံခြုံရေးစခန်းမှူးဦးကျညီ ဦးစီးသောပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်တရားမဝင် ခိုးဝင်ရောက်လာသောတရုတ်နိုင်ငံသား ၁၂ ဦးအား အဆိုပါနေ့နံနက်ပိုင်း၌ ပန်ပဲကျေးရွာ လိမ္မော်ခြံအတွင်း စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများမှာ ကျားကိုးဦး၊မသုံးဦး စုစုပေါင်း၁၂ ဦးအား မိုင်းပါလျိုးနယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျိုင်းလပ်မြို့အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးမှူးဦးစိုင်းသန်းထွန်းက (ပ)၇/၂ဝ၂ဝအက်ဥပဒေပုဒ်မ၁၃(၁)ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ တရားမဝင်ခိုးဝင်တရုတ်နိုင်ငံသား ၁၂ ဦးသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ချန်နင်းမြို့မှဖြစ်ပြီး လာအိုနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံ ကျိုင်းလပ်မြို့အတွင်းသို့ ဝင်ရောက်ကာ တာချီလိတ်မြို့တွင်အလုပ်လုပ်ကိုင်ရန် ခိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
















