လာမည့်သီတင်းပတ်များတွင် ဂျာမနီပြည်သူများအနေဖြင့် စည်းကမ်း မဲ့စွာ နေထိုင်ပြုမူပါက COVID-19 တတိယလှိုင်းကို သေချာပေါက် ရင်ဆိုင် ရနိုင်ကြောင်း ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်က နိုဝင်ဘာ ၃၀ ရက်၌ သတိပေးပြောကြားခဲ့သည်။
COVID-19 ဒုတိယလှိုင်း ကူးစက်မှုနှုန်း မြင့်မားလာခြင်းကြောင့် ကူး စက်မှုအား ထိန်းချုပ်ရန်အတွက် ဂျာမနီသည် ကူးသန်းသွားလာမှုဆိုင်ရာ ပိတ်ပင်ချက်များ ကဏ္ဍအလိုက်ချမှတ်မှုကို နိုဝင်ဘာ ၂ ရက်တွင် စတင် ဆောင်ရွက်ခဲ့သည်။
သို့သော် ပြည်သူများအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းများကို မလိုက်နာသည့် အပြုအမူများရှိနေဆဲဖြစ်ကြောင်း အာဏာ ပိုင်များက ပြောဆိုသည်။
‘’ဆောင်းရာသီထဲရောက်လာပြီဆိုရင် ကျွန်မတို့က အလွန့်အလွန်ကို ဂရုစိုက်ရပါတော့မယ်။ ဒီလိုမှမဟုတ်ရင် ကျွန်မတို့က နောက်ထပ်လှိုင်းသစ် တစ်ခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရလိမ့်မယ်’’ ဟု မာကယ်က ပြောကြားခဲ့သည်။
ထို့အပြင် ခရစ္စမတ်ကာလ၌ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို ဖွင့် လှစ်ခွင့်ပေးမည့် သက်ဆိုင်ရာပြည်နယ်အစိုးရများကိုလည်း မာကယ်က ပြစ် တင်ပြောဆိုခဲ့သည်။
ခရစ္စမတ်ကာလတွင် မိသားစုဝင်များ၊ ဆွေမျိုးများနှင့် အပေါင်းအသင်းမိတ်ဆွေများကို ပြန်လည်ဆုံစည်းခွင့်ပေးခြင်းသည် ဂျာမနီ အတွက် အန္တရာယ်ရှိလာနိုင်ကြောင်း မာကယ်က သတိပေးခဲ့သည်။
ဂျာမနီတွင် COVID-19 ကူးစက်မှုနှုန်းသည် လွန်ခဲ့သည့်အပတ်က ထက်စာလျှင် နေ့ချင်းညချင်း မြင့်တက်လာခဲ့ပြီး ကျန်းမာရေးစနစ်အပေါ် ခြိမ်းခြောက်မှုများ ရှိလာနေပြီဖြစ်သည်။
နိုဝင်ဘာ ၃၀ ရက်၌ တစ်ရက်အ တွင်း ကူးစက်သူသစ် ၁၁၁၆၉ ဦးရှိကြောင်း ရိုက်တာသတင်းဌာန၏ စာရင်း အင်းများအရ သိရသည်။
ဂျာမနီတွင် COVID-19 ကူးစက်သူ တစ်သန်း ကျော်ရှိနေပြီး သေဆုံးသူ မှာ ၁၆၂၀၀ ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

















