ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုခွင့်ရရန်အတွက် Moderna လျှောက်ထား

ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုခွင့်ရရန်အတွက် Moderna လျှောက်ထား

COVID-19 ကာကွယ်ဆေးအား အရေးပေါ် အသုံးပြုခွင့် ရရှိရန်အတွက် အမေရိကန်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ဌာန(FDA) သို့ လျှောက်ထားလိုက်ပြီဖြစ်ကြောင်း     Moderna ဆေးဝါး  ကုမ္ပဏီက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ 

ကာကွယ်ဆေးအား နောက်ဆုံးအဆင့် စမ်းသပ်သည့် အချက်အလက် များအရ ၉၄ ဒသမ ၁ ရာခိုင်နှုန်း ထိရောက်မှုရှိခြင်းကြောင့် အသုံးပြုခွင့်ရရှိ ရန် လျှောက်ထားခြင်းဖြစ်ကြောင်း သိရပြီး FDA က Moderna ၏ လျှောက် ထားမှုအတွက် ဒီဇင်ဘာ ၁၇ ရက်တွင် ဆွေးနွေးဆုံးဖြတ်မှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးအာဏာပိုင်များ၏ ခွင့်ပြုချက်ရရှိ ပါက ယခုနှစ်အကုန်ပိုင်းတွင်ပင် ကာကွယ်ဆေးအား ဖြန့်ချိနိုင်ဖွယ်ရှိသည့် အလားအလာများရှိကြောင်းလည်း သိရသည်။

အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer နှင့် မိတ်ဖက်ကုမ္ပဏီ BioNTech တို့မှ ထုတ်လုပ်သော ကာကွယ်ဆေးသည် နောက်ဆုံးအဆင့် စမ်းသပ်မှု အချက်အလက်များအရ ၉၅ ရာခိုင်နှုန်းခန့် ထိရောက်မှုရှိပြီး လက်ရှိတွင် အရေးပေါ်အသုံးပြုခွင့်ရရှိရန်အတွက် လျှောက်ထားပြီးဖြစ်သည်။

ကျွမ်းကျင် ပညာရှင်များ၏ ထောက်ခံချက်ရသည်နှင့်တစ်ပြိုင်နက် အာဏာပိုင်းများက လည်း ခွင့်ပြုပေးသွားဖွယ်ရှိနေကြောင်း သိရသည်။

Moderna ကုမ္ပဏီသည် ကာကွယ်ဆေးအား တရားဝင်အသုံးပြုခွင့် ရရှိ ပါက အမေရိကန်အတွက်သာမကဘဲ ဥရောပသမဂ္ဂအတွက်ပါ ထုတ်လုပ်ဖြန့် ဖြူးပေးရန် အစီအစဉ်များရေးဆွဲထားသည်။

တစ်ကမ္ဘာလုံး ခါးသီးစွာခံစားနေ ရသည့် ကပ်ရောဂါဆိုးကြီးကို တိုက်ဖျက်ပစ်ရန်အတွက် Moderna သည် အရေးပါသော ကဏ္ဍတစ်ရပ်မှ ပါဝင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကုမ္ပဏီ ဆေးဘက်ဆိုင်ရာ အကြီးအကဲ တဲလ်ဇက်စ်က ပြောကြားခဲ့သည်။