ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးအား စတင်အသုံးပြုနေပြီဟု ရုရှား ကြေညာ

ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးအား စတင်အသုံးပြုနေပြီဟု ရုရှား ကြေညာ

ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေး Sputnik V အား မော်စကို မြို့တော် တောင်ဘက်ဖျားရှိ ဆေးရုံတစ်ရုံတွင် အရပ်သားများအသုံးပြုနိုင်ရန် လွန်ခဲ့သည့်တစ်ပတ်ကပင် ပေးပို့ခဲ့ပြီးဖြစ်ကြောင်းနှင့် ပြည်သူများကို ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရုရှားနိုင်ငံက နိုဝင်ဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။ 

COVID-19 ကာကွယ်ဆေးထုတ်လုပ်ရေးတိုးတက်မှုတွင် အနောက် နိုင်ငံများထက် ဦးစွာထုတ်လုပ်နိုင်ခဲ့သော ရုရှားက ၎င်းတို့၏ Sputnik V ကာ ကွယ်ဆေးမှာ နောက်ဆုံးစမ်းသပ်မှု အချက်အလက်များအရ ၉၂ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ကာကွယ်ဆေးထိုးရန် ဆန္ဒရှိသူများသည် အစိုးရကျန်းမာရေးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်စာရင်းသွင်းရန်လိုအပ်ကြောင်း ဒိုမိုက်ဒီဒိုဗိုဗဟို ဆေးရုံကြီးက ထုတ်ပြန်ထားသည်။

ထို့အပြင် ကာကွယ်ဆေး ထိုးရန် လာရောက်သည့်နေ့တွင်လည်း COVID-19 ရောဂါပိုးမရှိကြောင်း စစ်ဆေးထားသည့် ဓာတ်ခွဲခန်းအဖြေလက်မှတ်နှင့် သက်ဆိုင်ရာ စာရွက်စာ တမ်းများကို ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

ရုရှားတွင် လွန်ခဲ့သည့် စက်တင်ဘာလ၌ COVID-19 ကူးစက်သူဦးရေ မြင့်တက်လာခဲ့သော်လည်း တင်းကျပ်သည့် စည်းမျဉ်းများနှင့် ပိတ်ပင်ကန့် သန့်ချက်များ ချမှတ်နိုင်ခဲ့ခြင်းကြောင့် ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။