အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးအောင်ကြည်အနေဖြင့် ကော်မရှင်မှနုတ်ထွက်ခွင့်ပြုရန်တင်ပြခြင်းသည် နိုင်ငံရေးနှင့်မသက်ဆိုင်သလို စီးပွားရေး လူမှုရေးကိစ္စများနှင့်လည်း မသက်ဆိုင်သည်ကို အခိုင်အမာပြော၍ရကြောင်း ကော်မရှင်မှပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက မြန်မာတိုင်းမ်သို့ ပြောသည်။
''ဒါနဲ့ပတ်သက်ပြီးတော့မှ ပြောချင်တာကအခုလိုနုတ်ထွက်ခွင့်တင်ပြတယ်ဆိုတာ နိုင်ငံရေးနဲ့လည်းမဆိုင်ပါဘူးခင်ဗျာ။ အစိုးရနဲ့လည်းမပတ်သက်ဘူး။ စီးပွားရေးလူမှုရေးတွေနဲ့လည်း မဆိုင်ဘူးဆိုတာ အခိုင်အမာပြောကြားလို့ရပါတယ်ခင်ဗျာ့။ ဘာကြောင့်လည်းဆိုတော့ ကော်မရှင်ရဲ့သက်တမ်းက နိုင်ငံတော်သမ္မတရဲ့သက်တမ်းနဲ့အတူတူပဲဆိုတာကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၈ မှာပြဌာန်းထားတယ်ပေါ့နော်။ပြီးတော့လည်း ပုဒ်မ ၉ မှာ ကော်မရှင်အဖွဲ့ဝင်တွေရဲ့အသက်က ၇၅ နှစ်ထက်မကြီးရဘူးဆိုတာ ပြဌာန်းထားပါတယ်။ အခုကော်မရှင်ဥက္ကဌကြီးရဲ့သက်တမ်းက ၇၅ နှစ်ထဲကိုရောက်နေပါပြီ။ဒါကတစ်ချက်ပေါ့''ဟု ၎င်းက ပြောသည်။
ကော်မရှင်ဥက္ကဌ ဦးအောင်ကြည်အနေဖြင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၁၂(ဂ)အရ မိမိဆန္ဒအရ ကော်မရှင်မှနုတ်ထွက်ခွင့်ပြုနိုင်ရေးအတွက် နိုဝင်ဘာ ၁၆ ရက်ကနိုင်ငံတော်သမ္မရုံးသို့ ကိုယ်တိုင်သွားရောက်ကာတင်ပြခဲ့ခြင်းဖြစ်ကာ နိုင်ငံတော်သမ္မတ၏သဘောတူခွင့်ပြုချက်ဖြင့် နုတ်ထွက်ခွင့်ပြုလိုက်ခြင်းလည်းဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတကဖွဲ့စည်းပေးထားသည့် အဆိုပါကော်မရှင်သည်ဥပဒေပြဌာန်းချက်အရ နိုင်ငံတော်သမ္မတ၏သက်တမ်းနှင့်တူညီပြီး လက်ရှိအချိန်တွင် ကော်မရှင်၏ သက်တမ်းကုန်ဆုံးချိန်လည်း နီးကပ်လာသည်က အကြောင်းတစ်ချက်ဖြစ်သည်ဟုလည်းဦးကျော်စိုးက ပြောသည်။
''ပြီးတော့လည်း ကော်မရှင်ဥက္ကဌကြီးကကျန်းမာရေးကောင်းနေတဲ့အချိန်တွင်းမှာ သံသရာအတွက်ကို တရားဘာဝနာအားထုတ်ချင်တယ်ဆိုတာ ကျွန်တော်တို့နဲ့တွေ့တိုင်းပြောနေကြပါ။ဒါကြောင့်မို့ အခုလိုမျိုး မိမိဆန္ဒအလျောက်နုတ်ထွက်ပြီးတော့ တင်ပြရခြင်းလည်းဖြစ်ပါတယ်။ကော်မရှင်ဥက္ကဌကြီးက သူ့မှာ ပလန်မရှိဘဲတော့ဘာမှမလုပ်ဘူးပေါ့နော်။ သံသရာအတွက်ဆောင်ရွက်မှာလည်းဖြစ်တော့ နိုင်ငံတော်သမ္မတကလည်း သဘောတူခွင့်ပြုပေးလိုက်ရတဲ့ အခြေအနေလည်းဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးအောင်ကြည်အနေဖြင့် နိုဝင်ဘာ ၃ဝရက် ညနေပိုင်းမှစတင်၍ အဆိုပါကော်မရှင်ဥက္ကဌအဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြလာသဖြင့် ၎င်း၏သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဒီဇင်ဘာ ၁ ရက်ညပိုင်း၌ထုတ်ပြန်ခဲ့သည်။ ဦးအောင်ကြည်သည် ဦးသိန်းစိန် အစိုးရလက်ထက်အတွင်းပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့ပြီး သက်တမ်းမကုန်ဆုံးမီအချိန်၌ အနားယူခဲ့ခြင်းဖြစ်သည်။
၂ဝ၁၅ ခုနှစ် NLD အစိုးရလက်ထက်၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌအဖြစ်တာဝန်ပေးအပ်ခံခဲ့ရပြီး အစိုးရ၏ ငါးနှစ်သက်တမ်းအတွင်း အဂတိလိုက်စားမှုများအား ထိရောက်စွာဆောင်ရွက်နိုင်ခဲ့သည့်အခြေအနေများရှိခဲ့သည်။
စစ်အစိုးရခေတ်၌ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်ကာလတစ်လျှောက် ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်မှုရှိသူတစ်ဦးဖြစ်ပြီး ၂ဝ၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ၌ NLD ပါတီအနိုင်ရရှိပြီး အစိုးရဖွဲ့ချိန် ၎င်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌအဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရသူဖြစ်သည်။
















