ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိထားသည့် ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သည့် နိုင်ငံ့ဝန်ထမ်းများပြည်ပမှ ကားဝယ်ယူတင်သွင်းခွင့်သတ်မှတ်ချက်နှင့် ကိုက်ညီပါကဒီဇင်ဘာ ၁ ရက်မှစ၍ ကားတင်သွင်းခွင့်ပါမစ်ပေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၁ ရက်တွင်သိရသည်။
ပြည်သူ့ ဝန်ထမ်းကောင်း တံဆိပ်ရရှိပြီး ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်တွင် အသက် ၅၇ နှစ်နှင့်အထက်ရှိသည့် ပင်စင်ယူရန် သုံးနှစ်အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ (သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့်ခံစားနေသော ဝန်ထမ်းများအပါအဝင်)အမြဲတမ်း အတွင်းဝန်ရာထူးမှ ဒုတိယညွှန်ကြားရေးမှူးအထိ ဝန်ထမ်းများပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်သို့ ပြည်တွင်းအရောင်းပြခန်းများမှဝယ်ယူခွင့်ပြုမည်ဖြစ်သည်။
လက်ထောက်ညွှန်ကြားရေးမှူးနှင့်အောက်အဆင့် ဝန်ထမ်းများကိုပြည်တွင်း SKD စနစ်ဖြင့် ထုတ်လုပ်သော မော်တော်ယာဉ်များအပြင်ကားအရောင်းပြခန်းများမှတစ်ဆင့်ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာနမှအသိပေးကြေညာထားသည်။
" နိုင်ငံဝန်ထမ်းတွေ မော်တော်ယာဉ် ဝယ်ယူတင်သွင်းခွင့်ကို ဒီဇင်ဘာလ ၁ ရက်ကစပြီး လျှောက်ထားလို့ရပါပြီ။ ဝန်ထမ်းကားသင်းခွင့်သတ်မှတ်ချက်နဲ့ကိုက်ညီတယ်ဆိုရင်သက်ဆိုင်ရာဝန်ကြီးဌာနက တင်ပြလာရင်ခွင့်ပြုပေးမှာပါ။ ဝန်ကြီးဌာနကတစ်ဆင့်တင်ပေးရမှာပါ။ ကားတင်သွင်းခွင့်ရရှိမယ့် ဝန်ထမ်းစာရင်းတွေသက်ဆိုင်ရာဝန်ကြီးဌာနမှာ ရှိပြီးသားပါ။ ၁ဝ ယောက် စာရင်းရပြီး ၁ဝယောက်စာ ဝန်ကြီးဌာနကလာတင်ရင်ပါမစ်ခွင့်ပြုပေးပါမယ်" ဟုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကမြန်မာတိုင်းမ်သို့ ပြောသည်။နိုင်ငံဝန်ထမ်းများ ကားဝယ်ယူတင်သွင်းခွင့်အတွက် အခွန်သက်သာခွင့်ရရှိမှုများကို သီးခြားသက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
''လက်ထောက်ညွှန်ကြားရေးမှူးနဲ့အောက်အဆင့်ဝန်ထမ်းတွေကိုပြည်တွင်းထုတ် SKD ကားအပြင် ကားအရောင်းပြခန်းတွေကနေလည်းဝယ်ယူခွင့်ပေးမှာပါ။ သက်သာခွင့်ရရှိမယ့်အခွန်နှုန်းထားတွေအတွက်ကတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကဘဲ မကြာခင်ဆက်လက်ထုတ်ပြန်မှာပါ''ဟု အဆိုပါအကြီးတန်းအရာရှိကပြောသည်။
ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများကို မော်တာ်ယာဉ်ဝယ်ယူခွင့်ပြုရာတွင် ခွင့်ပြုမည့်ငွေပမာဏကိုရာထူးအဆင့်အလိုက် ခွဲခြားသတ်မှတ်ထားပြီးအမြဲတမ်းအတွင်း။ ညွှန်ကြားရေးမှူးချုပ် ရာထူးအတွက် ကျပ်သိန်း ၅ဝဝနှင့်ညီမျှသော CIF တန်ဖိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊လက်ထောက် ညွှန်ကြားရေးမှူးရာထူးများအတွက် ကျပ်သိန်း ၃ဝဝ နှင့်ညီမျှသော CIF တန်ဖိုး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အောက်ရာထူးများအတွက် ကျပ်သိန်း ၃ဝဝ နှင့် ညီမျှသော စက်ရုံထုတ်ရောင်းဈေးအတိုင်းရာထူးအဆင့်အလိုက် ဝယ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာနမှကြေညာထားသည်။

















