မြဝတီမြို့၌ လက်နက်ကိုင်လူတစ်ဦးက အုပ်ချုပ်ရေးမှူးရုံးအတွင်း ဝင်ရောက်ကာ လမ်းပေါ်၌ သံဆူးကြိုးကာရံထားသည့်ကိစ္စကို မေးမြန်းရာကလူတစ်ဦးအားပါးရိုက်ကာ သေနတ်ဖြင့်ခြောက်လှန့်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
နိုဝင်ဘာ ၃ဝ ရက် ည ၁၁ နာရီခန့်က မြဝတီမြို့နယ်မဲကနယ်ကျေးရွာအုပ်စု မဲကနယ်အုပ်ချုပ်ရေးမှူးရုံးအတွင်း အုပ်ချုပ်ရေးမှူးရုံးမှ အတွင်းရေးမှူး ဦးဇော်ဇော်အောင်နှင့် ကျေးရွာလူငယ်များက သီချင်းဖွင့်၍ ထမင်းဟင်းများချက်စားနေခဲ့ကြောင်း သိရသည်။ ထိုစဉ် ရုံးရှေ့ရှိလမ်းမကြီးပေါ်၌လမ်းတားသံဆူးကြိုးအား မည်သူကကာရံထားသည်ကို ၎င်းတို့မသိရှိခဲ့ကြောင်းဆိုသည်။ ထိုသို့ ကားရံထားခြင်းအတွက် DKBA လက်နက်ကိုင်အဖွဲ့မှ ဗိုလ်အဆင့်ရှိသူတစ်ဦးက လမ်းပေါ်တွင် လမ်းပိတ်ထားရမလားဟုဆိုကာ အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်းဝင်လာပြီး မေးမြန်းစဉ် အဆိုပါလမ်းတားသံဆူးကြိုးအား တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်ဖြစ်၍လူငယ်များ လမ်းပေါ်လာရောက်တင်ထားသည်ဖြစ်နိုင်ကြောင်း၊ ၎င်းတို့အနေဖြင့်မသိရှိရကြောင်းကို နာရေးယာဉ်မောင်းနှင်သူ ကိုဝင်းဇော်ထွေးက ရှင်းပြပြောဆိုရာ အဆိုပါလက်နက်ကိုင်ကကိုဝင်းဇော်ထွေးကိုပါးရိုက်ပြီး ၎င်းတွင်ပါရှိလာသော ပစ္စတိုသေနတ်အားထုတ်၍ မြေကြီးအား တစ်ချက်ပစ်ဖောက်ခြောက်လှန့်ခဲ့ကြောင်း သိရသည်။
''လက်နက်ကိုင်တွေအနေနဲ့ NCA စည်းကမ်းကိုမလိုက်နာကြဘူး။ လက်နက်တွေကို မြို့ထဲ၊ ရွာထဲမှာကိုင်ဆောင်ခွင့်မရှိဘူး။ ပစ်ပိုင်ခွင့်လည်းမရှိဘူး။အခုမြဝတီမှာက တရားဥပဒေစိုးမိုးမှုမရှိဘူး။ လက်နက်တွေကိုဗြောင်ကိုင်ပြီး လုပ်ချင်သလိုလုပ်နေကြတယ်။ဘယ်သူမှ အရေးတယူဆောင်ရွက်တာမရှိဘူး။ လက်နက်ကိုင်တွေအနေနဲ့ပြည်သူကိုကာကွယ်ဖို့ပဲ ရှိတယ်၊ ပြည်သူကိုအနိုင်ကျင့် ရမ်းကားဖို့ မပြုလုပ်သင့်ဘူး။ ဒါကို သက်ဆိုင်ရာတာဝန်ရှိသူတွေကို အရေးယူသင့်ပါတယ်''ဟုမဲကနယ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအတွင်းရေးမှူး ဦးဇော်ဇော်အောင်ကပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ DKBA ဆက်ဆံရေးရုံး တာဝန်ခံဗိုလ်ကြီးဇော်မင်းကို ဆက်သွယ်မေးမြန်းရာ DKBA အထက် တာဝန်ရှိသူများအနေဖြင့် သေနတ်ပစ်ဖောက်သူကိုတပ်ဖွဲ့စည်းကမ်းများအရ အရေးယူသွားမည်ဟု ပြောသည်။
မြဝတီမြို့တွင် လက်နက်ကိုင်ဆောင်ပြီး စည်းကမ်းမဲ့ပစ်ခတ်မှုများကြောင့်လူသတ်မှုလေးမှုအထိ ဖြစ်ပွားခဲ့ပြီးအဆိုပါအမှုများကို ယနေ့အချိန်ထိတရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်းသိရသည်။















