ဝါရှင်တန် ဒီဇင်ဘာ ၂ - ယခုလနှောင်းပိုင်းတွင် သန်းပေါင်းများစွာသော အမေရိကန်ပြည်သူများကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၁ ရက်နေ့၌ ပြောကြားခဲ့ပြီး ဖြန့်ဖြူးရေးလုပ်ငန်းစဉ်များကိုလည်း အာဏာပိုင်များက အသေးစိတ်ထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၏ ကိုဗစ်-၁၉ ကပ်ရောဂါတုံ့ပြန်ရေး မဟာဗျူဟာစီမံကိန်းအရ အမေရိကန်ပြည်သူ သန်း ၂၀ သည် ယခုနှစ် နှောင်းပိုင်းတွင် ကာကွယ်ဆေးထိုးနှံခြင်းခံရမည်ဖြစ်ကြောင်းသိရပြီး ၂၀၂၁ ခုနှစ် အလယ်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု၌ ဘေးကင်းထိရောက်မှုရှိသော COVID-19 ကာကွယ်ဆေးများကို လုံလောက်စွာရရှိမည်ဖြစ်ကြောင်း သိရသည်။
‘‘ခွင့်ပြုချက်ရပြီး ၂၄ နာရီအတွင်း ဒါမှမဟုတ် ၃၆ နာရီကနေ ၄၈ နာရီအတွင်းမှာ ကာကွယ်ဆေးဟာ အမေရိကန်ပြည်သူတွေရဲ့ လက်မောင်းပေါ် ကို ရောက်လာနိုင်ပါတော့မယ်’’ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁ ရက်၌ ပြောကြားခဲ့သည်။
အမေရိကန်ပြည်သူများသည် သတ်မှတ်ထားသည့် စည်းကမ်းများကို မလိုက်နာဘဲ နှာခေါင်းစည်း (Mask) တပ်ရန် ငြင်းဆန်ခဲ့ကြခြင်း၊ အားလပ်ရပ်များတွင် ခရီးသွားခဲ့ခြင်းများကြောင့် လွန်ခဲ့သည့် နိုဝင်ဘာလထဲတွင် ကူးစက်သူဦးရေမှာ ၄ ဒသမ ၆ သန်းကျော် မြင့်တက်ခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။
လာမည့်ဇန်နဝါရီမှ စတင်ကာ Pfizer ဆေးဝါးကုမ္ပဏီအနေဖြင့် COVID-19 ကာကွယ်ဆေးအား တစ်လလျှင် သန်း ၆၀ မှ သန်း ၇၀ အကြား ထုတ်လုပ်ပေးနိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။ Pfizer မှ လျှောက်ထားသော ကာကွယ်ဆေးအား ခွင့်ပြုရန်အတွက် ကျန်းမာရေးအာဏာပိုင်များသည် လာမည့်ဒီဇင်ဘာ ၁၀ ရက်တွင် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ကြမည်ဖြစ်သည်။

















