ကိုဗစ်-၁၉ ဗိုင်းရပ်စ်၏ မူလဗီဇ ဇာစ်မြစ်ကိုသိရန် အရေးကြီးဟု WHO ဆို

ကိုဗစ်-၁၉ ဗိုင်းရပ်စ်၏ မူလဗီဇ ဇာစ်မြစ်ကိုသိရန် အရေးကြီးဟု WHO ဆို

လူ့အဖွဲ့အစည်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်၏ မူလဗီဇ ဇာစ်မြစ်ကို သေချာစွာသိရှိရန် လိုအပ်ကြောင်းနှင့် ယင်းကဲ့သို့ သိရှိမှသာလျှင် အနာဂတ်တွင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ ဒေါက်တာတဲဒရို့စ်ဂျီဘရီယဲဆပ်စ်အဒါနွန်က နိုဝင်ဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံများအနေဖြင့် ဗိုင်းရပ်စ်၏ မူလဇာစ်မြစ်ကို ရှာဖွေဖော်ထုတ်ရာတွင်လည်း နိုင်ငံရေးသဘော ချဉ်းကပ်မှုပုံစံမျိုးဖြင့် မပြုလုပ်ရန် ၎င်းက တိုက်တွန်းခဲ့သည်။

‘‘ဗိုင်းရပ်စ်ရဲ့ မူလဗီဇ ဇာစ်မြစ်ကို ကျွန်တော်တို့ သိဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက အနာဂတ်မှာ နောက်ထပ်ဖြစ်ပေါ်လာမယ့် ကူးစက်ပျံ့နှံ့မှုတွေကိုကာကွယ်ဖို့ ကူညီပေးနိုင်မှာဖြစ်လို့ပါ။ ကျွန်တော်တို့မှာ ဖုံးကွယ်ထားစရာ ဘာမှမရှိပါဘူး။ ဗိုင်းရပ်စ်ရဲ့ ဇာစ်မြစ်ကိုပဲ ကျွန်တော်တို့ သိချင်ရုံသက်သက်ပါ။ အဲဒါပါပဲ’’ ဟု ဂျီဘရီယဲဆပ်စ်က နိုဝင်ဘာ ၃၀ ရက်တွင် ပြုလုပ်သော နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသို့ ဥရောပနှင့် ဘရာဇီးမှတင်သွင်းသော အေးခဲအစားအသောက်များနှင့် အသားများတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိနေရခြင်းကြောင့် ဗိုင်းရပ်စ်သည် လွန်ခဲ့သည့်နှစ်ကတည်းကပင် ကမ္ဘာပေါ်၌ ရှိပြီးသား ဖြစ်နေကြောင်း တရုတ်အခြေစိုက် မီဒီယာများက ရေးသားဖော်ပြနေကြသည်။

ထို့အပြင် တရုတ်သိပ္ပံရေးရာနှင့် ကျန်းမာရေးစာစောင်များကလည်း ကိုရိုနာဗိုင်းရပ်စ်သည် ဥရောပတွင် လွန်ခဲ့သည့်နှစ်ကတည်းကပင် ရှိနေနိုင်ခဲ့ကြောင်း ရေးသားဖော်ပြမှု ရှိခဲ့သည်။

သို့သော် လူသားကူးစက်မှု စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်ဈေး၏ ဖြစ်ရပ်အား ကျန်းမာရေးရှုထောင့်မှ ကြည့်မည်ဆိုပါက ရှင်းလင်းစွာမြင်တွေ့ ရလိမ့်မည်ဖြစ်ကြောင်း WHO တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါက်တာမိုက်ခ်ရိုင်ယန်က ပြောဆိုခဲ့ပြီးဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ COVID-19 ဗိုင်းရပ်စ်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲများတွင် တရားဝင်သတ်မှတ်ထားသော အမည်နာမကို ခေါ်ဝေါ်သုံးစွဲခြင်းမရှိဘဲ တရုတ်ဗိုင်းရပ်စ်ဟု အမြဲတမ်းပြောဆိုခဲ့သည်။