လန်ဒန် ဒီဇင်ဘာ ၂ - ဗြိတိန်သည် အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer-BioNTech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား အသုံးပြုရန် ဒီဇင်ဘာ ၂ ရက်က ခွင့်ပြုပေးလိုက်ပြီး ကမ္ဘာပေါ်တွင် ပထမဆုံး အသုံးပြုခွင့်ပေးသော နိုင်ငံဖြစ်လာခဲ့ကြောင်း သိရသည်။
Pfizer-BioNTech မှ ထုတ်လုပ်သော ကာကွယ်ဆေး၏ စမ်းသပ်ဆောင်ရွက်မှု အချက်အလက်များအား ဗြိတိန်ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း ထုတ်ကုန်များကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ (MHRA) က စစ်ဆေးလေ့လာမှုများပြုလုပ်ပြီးနောက် အသုံးပြုရန် ထောက်ခံချက်ပေးခြင်းကြောင့် အစိုးရက ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
‘‘Pfizer-BioNTech ကာကွယ်ဆေးကို အသုံးပြုဖို့အတွက် ဆေးဝါးနဲ့ ကျန်းမာရေးပစ္စည်းထုတ်ကုန်များကြီးကြပ်ရေးအာဏာပိုင်အဖွဲ့က ထောက်ခံချက်ပေးတာကြောင့် အစိုးရကလက်ခံလိုက်ပါပြီ’’ ဟု ဗြိတိန်အစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ကာကွယ်ဆေးအား လာမည့်တစ်ပတ်မှစတင်၍ စတင်ဖြန်ဖြူးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး မက်ဟန်ကော့ခ်က ပြောကြားခဲ့သည်။
‘‘လာမယ့်တစ်ပတ်ကစတင်ပြီး ဗြိတိန်နိုင်ငံတစ်ဝန်းလုံးကို ကာကွယ်ဆေး ဖြန့်ဖြူးပေးသွားတော့မှာ ဖြစ်ပါတယ်။ ဒါက သတင်းကောင်းပေါ့ဗျာ’’ ဟု မက်ဟန်ကော့ခ်က ပြောကြားခဲ့သည်။

















