အမေရိကန်ကို စွန့်ခွာခဲ့သော တရုတ်သုတေသနစူးစမ်းလေ့လာသူ ၁၀၀၀ ကျော်ရှိနေ

အမေရိကန်ကို စွန့်ခွာခဲ့သော တရုတ်သုတေသနစူးစမ်းလေ့လာသူ ၁၀၀၀ ကျော်ရှိနေ

ဝါရှင်တန် ဒီဇင်ဘာ ၃ - တရုတ်လေ့လာသူများသည် နည်းပညာများကို ခိုးယူနေသည်ဟု အမေရိကန်အစိုးရမှ အကြိမ်ကြိမ်စွပ်စွဲပြောဆိုမှုများရှိနေခြင်းကြောင့် တရုတ်လူမျိုး သုတေသနစူးစမ်းလေ့လာသူ ၁၀၀၀ ကျော်သည် အမေရိကန်နိုင်ငံအား စွန့်ခွာသွားခဲ့ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်၌ အမေရိကန်အစိုးရ လုံခြုံရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

စက်မှုနှင့် နည်းပညာဆိုင်ရာ သူလျှိုမှုအတွက် တရုတ်သုတေသနပညာရှင်များအပေါ် တရားဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးမှုများရှိခဲ့ခြင်းကြောင့် ပညာရှင်များထွက်ခွာသွားခဲ့ကြောင်း အမေရိကန်တရားရေးဌာန၏ အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲ ဂျွန်ဒီမာစ်က ပြောကြားခဲ့သည်။

လွန်ခဲ့သော စက်တင်ဘာလတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် တရုတ်ကျောင်းသားများအပေါ် လုံခြုံရေးအကြောင်းပြချက်ဖြင့် ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှုများလုပ်ဆောင်ခဲ့ပြီး ပညာတော်သင် ကျောင်းသားများနှင့် သုတေသနစာတမ်းလေ့လာသူ ကျောင်းသားပေါင်း ၁၀၀၀ ကျော်အား ပြည်ဝင်ခွင့်ဗီဇာ ရုပ်သိမ်းခဲ့သည်။

ထို့အပြင် ကျောင်းသားများအား အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို (FBI) မှလည်း ခေါ်ယူစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ဇူလိုင်လတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဟူစတွန်မြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ရုံးအား ပိတ်သိမ်းပစ်ခဲ့သည်။

ယင်းဆောင်ရွက်ချက်အပေါ် တုံ့ပြန်မှုအဖြစ် တရုတ်နိုင်ငံကလည်း ၎င်းတို့နိုင်ငံရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအား ပိတ်သိမ်းလိုက်ပြီး နှစ်နိုင်ငံအကြား တင်းမာမှုများ ပိုမိုမြင့်တက်ခဲ့ကြသည်။