တောင်သူလယ်သမားခေါင်းဆောင်များနှင့် အိန္ဒိယအစိုးရအဖွဲ့ဝန်ကြီးများ စတင်ဆွေးနွေး

တောင်သူလယ်သမားခေါင်းဆောင်များနှင့် အိန္ဒိယအစိုးရအဖွဲ့ဝန်ကြီးများ စတင်ဆွေးနွေး

နယူးဒေလီ ဒီဇင်ဘာ ၃ - အိန္ဒိယအစိုးရအဖွဲ့ ဝန်ကြီးများသည် ဆန္ဒပြတောင်သူလယ်သမား ခေါင်းဆောင်များနှင့် ဒီဇင်ဘာ ၃ ရက်၌ ဆွေးနွေးညှိနှိုင်းမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုနှစ်အစောပိုင်းတွင် ပြဋ္ဌာန်းလိုက်သော စိုက်ပျိုးရေးနှင့်လယ်ယာကဏ္ဍဥပဒေမူကြမ်းအား လွန်ခဲ့သည့် စက်တင်ဘာတွင် လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် လယ်သမားများက ဆန္ဒပြခဲ့ကြကာ လက်ရှိတွင် ထောင်နှင့်ချီသော ဆန္ဒပြလယ်သမားများသည် မြို့တော်နယူးဒေလီသို့ စုဝေးရောက်ရှိနေကြပြီဖြစ်သည်။

ယခုပြဋ္ဌာန်းလိုက်သော ဥပဒေသစ်အရ အစိုးရ၏ဆောင်ရွက်ချက်သည် တောင်သူလယ်သမားများထံမှ အာမခံချက်ရှိသော ဈေးနှုန်းတစ်ရပ်ဖြင့် ကောက်ပဲသီးနှံများဝယ်ယူမှုကို ရပ်တန့်သွားစေပြီး ပုဂ္ဂလိကဝယ်ယူသူများ သနားသောအားဖြင့်ဝယ်ယူမှ ရောင်းချခွင့်ရမည့်ပုံစံမျိုး ရှိနေခြင်းကြောင့် တောင်သူလယ်သမားများက ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယစိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍအသိုက်အဝန်းအား ထိခိုက်နစ်နာစေနိုင်သည့် ဥပဒေများကို ပယ်ဖျက်ပစ်ရန် တောင်းဆိုချက်များကို အစိုးရအဖွဲ့က သဘောတူညီလိမ့်မည်ဟု မျှော်လင့်ကြောင်း ထင်ရှားကျော်ကြားသည့် တောင်သူလယ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဂျိုဂျင်ဒါဆင်းအူဂရာဟန်က ပြောကြားခဲ့သည်။